လွိုင်ကော် – အောက်တိုဘာ(၁)

ကယားပြည်နယ်၊လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စင်း ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီက KNPP နဲ့ PDF တပ်ဖွဲ့တွေအပေါ် စွပ်စွဲပြောဆိုတာဟာ အဓိပ္ပါယ်မရှိဘူးလို့ KNPP နဲ့ KNDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ KNPP အဖွဲ့ တွေက လွိုင်ကော်လေယာဉ်ကွင်းကို နှောင့်ယှက်ပစ်ခတ်တာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သူတို့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ပြောဆိုထားတာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလေယာဉ်ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး သူတို့ဟာ ဥပဒေတွေကို လေးစားလိုက်နာတဲ့အတွက် အခုလို လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

“ကျွန်တော်တို့လုပ်တာမဟုတ်ဘူး။ အဲ့ဒါကတော့ ဘယ်လိုသက်သေပြလို့ရလဲဆိုတော့ ကျွန်တော် တို့မှာညွှန်ကြားချက်မရှိဘူး။အရပ်ဘက်ခရီးသွားလေယာဥ်တွေကို တိုက်ပါဆိုတာက ဘယ်သော အခါမှညွှန်ကြားချက်မရှိဘူး။ ကျွန်တော်တို့လည်း နိုင်ငံတကာဥပဒေတွေနားလည် ပါတယ်။သူတို့က တော့ စွပ်စွဲနေကျအတိုင်းပဲစွပ်စွဲမှာပဲပေါ့။ကျွန်တော်တို့တပ်မှူးတွေက ရီပို့တက်တယ်။ သူတို့ကိုမေး တော့လဲ မဟုတ်ဘူးဖြေတယ်။ကျွန်တော်တို့အနေနဲ့ဒီထက်မက ပြောစရာ မရှိတော့ဘူး။” လို့ KNPP တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

လွိုင်ကော်လေယာဉ်ကွင်းဟာ လုံခြုံရေးအထပ်ထပ်တင်းကြပ်ထားတဲ့ နေရာဖြစ်တဲ့အတွက် PDF အဖွဲ့တွေလာရောက်ပစ်ခတ်တာမဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

ခရီးသည်(၆၃) ဦးတင်ဆောင်လာတဲ့ MNA လေယာဉ်ဟာ လေဆိပ်ဆင်းဖို့ အနိမ့်ပျံသန်းချိန် သေနတ်နဲ့ (၃) ချက်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားတာပါ။

အဲ့ဒီလေယာဉ်ဟာ ရန်ကုန်-နေပြည်တော်-လွိုင်ကော် ကိုပြေးဆွဲနေတဲ့ လေယာဉ်ဖြစ်ပြီး ပစ်ခတ်ခံ ခဲ့ရပြီးနောက်မှာတော့ ပြန်လည်ထွက်ခွာမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြည်သူတွေကိုထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ KNDF ကတော့ ပစ်တာ မဖြစ်နိုင်ပါဘူး။KNDFက အထူးသဖြင့် ပြည်သူကိုလုံးဝထိ ခိုက်အောင်လုပ်မှာမဟုတ်ပါဘူး။မူလည်းမရှိပါဘူး။နောက်ပြီးတော့ ဒီလိုမျိုး လွိုင်ကော်လေယာဥ် ကွင်းဆိုတာ လုံခြုံရေးအထပ်ထပ်တင်းကြပ်ထားတဲ့နေရာဖြစ်တဲ့အတွက် PDF တစ်ဖွဲ့ဖွဲ့ကလာပစ် တာမဖြစ်နိုင်ဘူးလို့ ယူဆပါတယ်” လို့ KNDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDM လေတပ် တပ်ကြပ်ကြီးတစ်ဦးကတော့ ပစ်ခတ်မှုဟာ လေယာဉ်ရဲ့ ဘယ်ဘက်ခြမ်းမှာဖြစ် ခဲ့တာလို့ပြောခဲ့ပြီး အဲ့ဒီဘက်မှာရှိနေတာက စစ်ကောင်စီတပ်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ကျည်ဆန်ထိမှန်ခဲ့တဲ့ ခရီးသည်ကို စစ်တပ်က ဆေးဝါးကုသမှုတွေလုပ်ဆောင်ပေးနေတယ်ဆိုတဲ့ ဓာတ်ပုံတွေလူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က အကွက်ချလုပ်ဆောင်တယ် ဆိုတဲ့ ပြောဆိုသူမှုတွေလည်း ရှိနေပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ MNA လေကြောင်းလိုင်းကတော့ လွိုင်ကော်ခရီးစဉ်တွေကို ရက် အကန့်အသတ်မရှိ ဖျက်သိမ်းသွားမယ်လို့ စက်တင်ဘာလ(၃၀) ရက်နေ့က သတင်းထုတ်ပြန်ထား ပေမယ့် ညနေပိုင်းမှာတော့ ပြန်ဖြုတ်ချထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.