ရေး၊ အောက်တိုဘာ (၂)

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ်တိုက်ခိုက်ခံလိုက်ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ သံဖြူဇရပ်ကနေ ရေးဘက်ကို မောင်းနှင်းလာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို သံဖြူဇရပ်မြို့နယ်၊ ဝဲကမိကျေးရွာနားမှာ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ အဲဒီယာဉ်တန်းကို ရေးမြို့နယ်၊ အောင်သာယာကျေးရွာနဲ့ကနင်းကမော့ကျေးရွာကြားမှာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုကိခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီက အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ မြေပြင် အခြေအနေ အသေးစိတ် အချက်အလက်ကို ဆက်လက်စုံစမ်းနေတယ်လို့ ရေးမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် PDF ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း တစ်နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် ကနင့်ကမော့နဲ့အောင်သာယာရွာကြားမှာ စစ်ကောင်စီကားတန်းကို မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.