ရန်ကုန်၊ အောက်တိုဘာ (၂)

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တင်ပြခဲ့တဲ့ အမျိုးသား တန်းတူရေးကို ဖော်ဆောင်နိုင်ဖို့ ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြချက်အပေါ် စစ်ခေါင်းဆောင်က လက်မခံဘူးလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အပါအဝင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ကိုယ်စားလှယ်တွေဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဗမာပြည်နယ်ဖွဲ့စည်းရေးအပါအဝင် အခြေခံဥပဒေပြင်ဆင်ရေး၊ ရှမ်းပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်တွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင်က ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြချက်အပေါ် ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက အခုလိုပဲ ပြောပါတယ်။

“အမျိုးသားတန်းတူရေးအတွက် အရင်တုန်းက ဗမာပြည်မပေါ့ဗျာ၊ ပြည်မပဲ ပြောပြော၊ ပြည်နယ်ပဲ ပြောပြော ကျွန်တော်တို့ တန်းတူသွားဖို့ ဖက်ဒရယ်စနစ်သွားဖို့ ကျွန်တော်တို့ တင်ပြတဲ့ ဗမာပြည်နယ်ကိစ္စကတော့ လက်မခံဘူးပေါ့။ဖြစ်ချင်တဲ့ဟာတွေကို အစားထိုးတဲ့ပုံစံတော့ မရဘူး၊အခန်းရွေ့တာမျိုးလည်း မရဘူးပေါ့။သူတို့ကျတော့ သက်ဆိုင်တဲ့ အခန်းလိုက် ဇယားအလိုက် ပုဒ်မအလိုက်နဲ့ပဲ ဆွေးနွေးသွားရင်တော့ ရတာပေါ့။ ၂၀၀၈ အခြေခံဥပဒေနဲ့ သွားပြီး အခန်းလိုက် ပုဒ်မအလိုက် ပြင်တာတော့ ရတာပေါ့။သဘောထားတွေ ပေးလို့ ရတာပေါ့ဗျာ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေက ပြင်ဆင်လိုတဲ့အချက်တွေကို အခန်းလိုက်၊ ဇယားအလိုက်၊ ပုဒ်မအလိုက် ပြင်ဆင်လို့ ရပေမယ့် လက်ရှိအခြေအနေမှာ စစ်ကောင်စီအနေနဲ့ အချက်အလက်ပြုစုထားရုံသာ လုပ်နိုင်တဲ့အတွက် လာမယ့် ရွေးကောက်ခံအစိုးရ၊လွှတ်တော်တွေကျမှသာ ပြင်ဆင်နိုင်မယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အနေနဲ့ လေးရက်တာ ဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဥပဒေပြင်ဆင်ရေးကိစ္စရပ်တွေကို တင်ပြခဲ့တာဖြစ်ပြီး အကြေအလည် ဆွေးနွေးတာမရှိခဲ့တဲ့အတွက် မှတ်တမ်းသဘောလောက်သာ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားတွေကို ဖက်ဒရယ်အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်သွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော် (AA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.