ဒီပဲယင်း၊ အောက်တိုဘာ (၂)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ စစ်ကောင်စီတပ်က ဝေဟင်နဲ့ မြေပြင်တိုက်ခိုက်မှုတွေအပြီးမှာ မုံရွာ ဘက်ကို ဖမ်းခေါ်သွားတဲ့ ကလေးငယ်နှစ်ဦးအနက် တစ်ဦးပြန်လွတ်လာပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြန်လွတ်လာတဲ့ ကလေးငယ်ဟာ Grade -1 ကျောင်းသား မောင်ဘုန်းပြည့်စုံကျော် ဖြစ်ပြီး သူဟာမျက်စိထိခိုက်ထားလို့ မုံရွာ စစ်ဆေးရုံကနေ ဆေးကုသမှုခံယူခဲ့ပြီး သက်သာလာတာမို့ ကလေးမိဘတွေကို ပြန်လာခေါ်ခိုင်းလိုက်တာပါ။

ဒီလိုပြန်ခွင့်ပေးလိုက်လို့ ကလေးငယ်ဟာရွာကို ပြန်လည်ရောက်ရှိနေပြီး ရွာမှာပဲ ဆက်လက်ဆေးကုသနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

အဲဒီ ကလေးငယ်ကို ဒဏ်ရာသက်သာလို့ ပြန်လွှတ်ပေးလိုက်ပေမယ့် သေဆုံးသွားတဲ့ကလေးငယ်တွေရဲ့ အလောင်းတွေကိုတော့ စစ်ကောင်စီ ဘက်က မိဘတွေကို ပြန်မပေးခဲ့ပါဘူး။

ဝေဟင်တိုက်ခိုက်မှုအပြီးမှာ ဒဏ်ရာရတဲ့ ကလေးငယ်တွေကို ဆေးကုသပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရေဦးတိုက်နယ်ဆေးရုံနဲ့ မုံရွာစစ်ဆေးရုံဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရေဦးတိုက်နယ်ဆေးရုံဘက်ကို ခေါ်သွားတဲ့ကလေးတွေကိုတော့ ဒီနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးပါဘူးလို့ ဆက်လက်ပြောခဲ့ပါတယ်။

“ တချို့ကလေးမိဘတွေလည်း အဆက်အသွယ်ရတယ်ပြောတယ်။ တချို့လည်း မရဘူးပြောတယ်။ သေချာတော့ မပြောနိုင်သေးဘူး။ သူတို့က ဒါဟာစစ်ရာဇဝတ်မှုဖြစ်တဲ့အတွက် ပထမဖမ်းထားတဲ့ ၂ဦးကို လိမ်လည်ပြောခိုင်းတာရှိတယ်။ ဒီတော့ ဖမ်းခံထားရတဲ့ ကလေးတွေကို ထပ်ပြီးလိမ်ခိုင်းဖို့အစီအစဉ် ရှိလိမ့်မယ်လို့ ကျေးရွာသားတွေက တွက်ထားတယ်။ ပြီးတော့ သတ်ပစ်လိုက်မှာ စိုးရိမ်တယ်။ အဲဒီတော့ အဖမ်းခံထားရတဲ့ ကလေးငယ်တွေ ပြန်မရောက်မချင်း စိုးရိမ်နေကြရပါတယ်။ ”လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ မှ ကိုကြီးဖြိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ယက်ကုန်းဖြစ်စဉ်အပြီးမှာ အဲဒီကျေးရွာအပါဝင် အနီးနားက ရွာတွေမှာ ဝေဟင်တိုက်ခိုက်မှုထပ်ဖြစ်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာနေမှုကြောင့် ဒေသခံတွေ ထွက်ပြေးရှောင်တိမ်းနေရတာဟာ သုံးကြိမ်ထက်မနည်းရှိနေပြီဖြစ်သလို ကလေးမိဘတွေ အပါအဝင်၊ ကျေးရွာသားတွေနဲ့ ဆရာ ဆရာမတွေဟာ ညဘက်အိပ်မပျော်တာ၊ အိပ်မက်ဆိုးတွေနဲ့ လန့်နိုးတာ အပါအဝင် စိတ်မလုံခြုံမှုနဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေကြရတာပါ။

“အကုန်လုံးကို လက်စဖျောက်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ ဒီသက်သေတွေအားလုံးကို စစ်ကောင်စီ က လက်စဖျောက်နိုင်တဲ့ အခြေအနေဆိုး တစ်ခုဖြစ်လာနိုင်တယ်။ သူတို့ စစ်ရာဇဝတ်မှု ကျူးလွန်ထားတာတွေက ထင်ပေါ်နေပြီ။ သူတို့လိမ်လည်ထားတာက KIAတွေရှိတယ်၊ PDFတွေရှိတယ်ပြောတယ်။ KIAကလည်း ဒါကို ငြင်းချက်ထုတ်ထားတယ်။ ဒါကြောင့် ရပ်ရွာအနေနဲ့ စိုးရိမ်မှုက တော်တော်ကြီးတယ် ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပဲယင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ကလေးငယ်၇ဦး၊ အရပ်သား ၆ ဦး၊ စုစုပေါင်း ၁၃ဦးသေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ ရဟတ်ယာဉ်နဲ့ ဒီပဲယင်းရွာကို ဝေဟင်ကနေ‌ တစ်နာရီခန့် လက်နက်ကြီးတွေနဲ့ပစ်လို့ ကလေးတွေသေဆုံးပြီး ဆရာ၊ ဆရာမတွေအပါအဝင် လူ ၁၇ ယောက်ကို ဖမ်းဆီးခဲ့တာပါ။

အသတ်ခံရတဲ့ ဒေသခံ ၆ ယောက်ထဲမှာ ကလေးမိခင်တွေလည်းပါဝင်နေပြီး စစ်တပ်ကဖမ်းခေါ် သွားတဲ့သူ ၁၇ ယောက်မှာ ဒီနေ့အထိ တစ်ယောက်အသတ်ခံရပြီး၊ ကျန်တဲ့သူတွေကိုလဲ အခုအချိန်အထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ KIAနဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ဝေဟင်ပစ်ခတ်မှုကို လုပ်ခဲ့ရတာလို့ ပြောကြားထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.