တနင်္သာရီ၊ အောက်တိုဘာ (၂)

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတို့ပူးပေါင်းပြီး ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ ခရီးသွားလာကြသူတွေကို အကြောင်းပြချက်မျိုးစုံပေးပြီး ဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေနဲ့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့လကစပြီး ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ သွားလာနေတဲ့သူတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးပြီး အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဒီတလောအတွင်းမှာဆိုရင် သိန်းနှစ်ရာစီမံချက်ဆိုပြီးတော့ အသံထွက်လာတယ်၊ အသံထွက်လာပြီးတာနဲ့ လိုက်ဖမ်းတော့တာပဲ၊ စက်ဘီးကအစဖမ်းတယ်၊ စက်ဘီးမှာ ခေါင်းလောင်မလို့ဖမ်းတယ်၊ ခြင်းပေါက်နေတယ်ဆိုပြီး ဖမ်းတယ်၊ ဆိုင်ကယ်တွေဆိုလည်း အကုန်စုံနေလည်း ဖမ်းတယ်၊ ဘာလို့ဖမ်းလဲမေးတော့ ဖမ်းချင်လို့ ဖမ်းတယ်။ဟိုတနေ့ကဆိုရင် ထားဝယ်မှာဆန်းသစ်မုန့်တိုက်ရှိတယ်၊ ဆန်းသစ်မုန့်တိုက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်အကုန်လုံးကို ဖမ်းသွားတယ်၊ ပထမတစ်ခါလည်း အဲဒီမုန့်တိုက်ရှေ့မှာ တစ်ခါဖမ်းပြီးပြီ၊ အခုဒုတိယအကြိမ်ထပ်ဖမ်းတာပေါ့နော်၊ ရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ်အကုန်လုံးဖမ်းသွားတာ၊ ပြီးတော့ တရားရုံးမှာဒဏ်ငွေနဲ့ ပြန်ထုတ်ရတာပေါ့နော်၊ ပြီးတော့ ကျွန်တော်တို့ကြားထားတာက သိန်းနှစ်ရာပြည့်အောင် ဖမ်းပေးရမယ်ဆိုတဲ့ဟာကို ကြားထားရတယ်၊ စစ်ကောင်စီဘက်ကနေပြီးတော့ပေါ့။” ဟု ၎င်းကပြောပါတယ်။

ဒီလိုအကြောင်းပြချက်မရှိဖမ်းဆီးထားတဲ့ ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေကို နှစ်ရက်အတွင်း လာမရွေးပါက ပိုင်ရှင်တွေထံ ပြန်မပေးတော့ဘူးလို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တနင်္သာရီတိုင်းထဲမှာရှိတဲ့ မြို့နယ်တစ်မြို့နယ်ကို တစ်လလျှင် ငွေကျပ်သိန်းနှစ်ရာနှုန်းနဲ့ ငွေကြေးရရှိအောင် ရှာဖွေပေးရမယ့် စီမံချက်တစ်ခုကို ပြီးခဲ့တဲ့ ဩဂုတ်လမကုန်ခင်မှာ တိုင်းစီမံခန့်ခွဲရေးကောင်စီက ညွှန်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုတလော အတွင်းမှာ သိန်းနှစ်ရာ စီမံချက်ဆိုပြီး ထွက်လာတယ်။ အဲလို အသံထွက်လာပြီး မကြာဘူး၊ လိုက်ဖမ်းတော့တာပဲ။ သိန်းနှစ်ရာပြည့်အောင် စီမံချက်ချထားလို့ဆိုပြီး မပြည့်ပြည့်အောင် ဖမ်းတော့တာပဲ”လို့ ပြောပါတယ်။

ဒါပေမယ့် ဒေသခံတွေရဲ့ ဒီလိုပြောဆိုချက်နဲ့ ပတ်သက်လို့တော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ကားကိုတော့ ငွေကျပ် ၅ သိန်းကနေ ၁၀ သိန်းအကြားအထိ ဒဏ်ငွေပေးဆောင်နေရသလို ဆိုင်ကယ်ကိုတော့ အမျိုးအစားအပေါ်မူတည်ပြီး ငွေကျပ် ၁ သိန်းကနေ ၂ သိန်းအထိ ဒဏ်ငွေပေးဆောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ဒီသိန်း ၂၀၀ စီမံချက်ငွေပြည့်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက မြို့နယ်အသီးသီးမှာ တရားမဝင် လောင်းကစားလုပ်ကိုင်သူတွေကို လုပ်ကိုင်ခွင့်ပေးကာ ငွေကြေး တောင်းခံနေကြတယ်လို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတချို့ဟာ လောင်းကစားဝိုင်း လုပ်ကိုင်ခွင့်ပြုထားတာကြောင့် ခိုးဆိုး လုယက်မှုတွေနဲ့ ဓါးပြတိုက်မှုတွေလည်း မကြာခဏဖြစ်ပွားလာလို့ ဒေသခံပြည်သူအကြားမှာ စိုးရိမ်မှုတွေရှိနေကြတာပါ။

တနင်္သာရီတိုင်း ဒေသကြီးမှာ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် အရပ်သားပြည်သူတွေကို ဖမ်းဆီးမှုဟာ တစ်လကို ပျမ်းမျှ ၂၀ နီးပါးရှိနေတယ်လို့လည် FE5 Tanintharyi အဖွဲ့ရဲ့ လစဉ်ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.