ကျိုက်ထို၊ အောက်တိုဘာ(၁)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနဲ့ဝင်းကလော့ကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့ဝင်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှု မရှိဘူးလို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။
ဒါပေမယ့် အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ယာဉ်မောင်း တစ်ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ကြီး ပစ်ခတ်အသံကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတဲ့ အမျိုးသမီးတစ်ဦးလည်း ချော်လဲပြီး ကားကြိတ်ခံရတဲ့အတွက် ဘယ်ခြေထောက် ပြင်းထန်ဒဏ်ရရှိခဲ့တာပါ။
အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ကျိုက်ထိုမြို့နယ်၊ ဝင်းကလောကျေးရွာလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီးတွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေအဆိုအရ အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂိတ်စခန်းကနေ စွန့်ခွာပြီးနောက် လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိကိုတော့ မသိရသေးဘူးလို့ ဆိုကြပါတယ်။
ကျိုက်ထိုမြို့နယ်က စစ်ကောင်စီ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နဲ့ ဝင်းကလော့ စစ်ရေးဂိတ်တွေဟာ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်