မောင်တော၊ အောက်တိုဘာ (၁)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့ပေါ်ကို နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေအပြင် ဆေးဝါ‌းကအစ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေထံမှ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောင်တော မြို့လယ် ဓမ္မာရုံမှာ စစ်ဘေးရှောင်နေသူတွေ များပြားလာပြီး ဆေးဝါး အခက်အခဲမှစပြီး အခြေခံစားဝတ်နေရေးလိုအပ်ချက်တွေအပြင် သန့်စင်ခန်းမှာလည်း နှစ်လုံးသာရှိတာကြောင့် အခက်ခဲတွေ ဖြစ်နေရတာပါ။

စစ်ဘေးရှောင်ပြည်သူတစ်ဦးကတော့ အခုအခါက လူများပြီး အိမ် ၂ လုံးသာ ရှိလို့ အခက်အခဲ ရှိနေသလို စောင်ခြင်ထောင်၊ ဆေးဝါးနဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းကအစ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဟာ သောက်သုံးရေ ဝယ်မသုံးနိုင်တာကြောင့် စစ်ရှောင်စခန်းနဲ့ ဆယ့်ငါးမိနစ်ခန့် လမ်း လျှောက်ရတဲ့ စံပြရွာရှိ တုံကင်တွင်းကနေ ရေငင်ပြီး သောက်‌နေရတယ်လို့ လည်း သိရပါတယ်။

လက်ရှိမှာ မိုးအကုန် ဆောင်းအကူး ရာသီဥတုကူးပြောင်းချိန်မို့ စစ်ရှောင်တွေဟာ ရာသီဖျားနဲ့ နှာစေးချောင်းဆိုး စတဲ့ ဝေဒနာတွေ ခံစားနေရတဲ့သူတွေရှိပြိး အချင်းချင်းရှိတဲ့ဆေးဝါးကိုပဲ မျှတသုံးစွဲနေကြရတာပါ။

မောင်တောမြို့ပေါ်မှာစစ်ဘေးရှောင်ဖို့ ထွက်ပြေးလာကြတဲ့ မောင်တောမြောက်ပိုင်း ကျေးရွာ ၂၀ ကျော်က လူဦးရေ ၁၀၀၀ လောက်အထိရှိနေပြီး ကလေးငယ် ၃၀၀ခန့်ဟာလည်း ပညာသင်ကြားခွင့်ဆုံးရှုံးနေကြရပါတယ်။

သြဂုတ်လနှောင်းပိုင်းကစပြီး ရက္ခိုင်တပ်တော်(AA)က စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းယူတာတွေ ရှိလာပါတယ်။

စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိရေးအတွက် စစ်ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်တာ၊ ကျေးရွာတွေအနီး ဗုံးကြဲတာတွေရှိတဲ့အတွက် မောင်တောမြောက်ပိုင်းမှာ ကျေးရွာ ၂၀ ကျော်ရှိ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး မောင်တောမြို့ပေါ် ကို ထွက်ပြေးတိမ်းရှောင်လာကြရတာလည်း ဖြစ်ပါတယ်။

နေရပ်စွန်ခွာ ထွက်ပြေးလာကြတဲ့ ကျေးရွာတွေက ဖားဝပ်ချောင်း၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ကြိမ်ချောင်း၊ နံ့သာတောင်၊ မင်္ဂလာညွန့်၊ တောင်ပြို၊ အောင်သပြေ၊ ခမောင်းဆိပ်၊ လောင်းဒုံ၊ ရန်အောင်ပြင်၊ သာယာကုန်း၊ မင်းကြီးရွာ၊ အထက်ပြူးမ၊ တမန်းသား၊ မင်းခမောင်းနှင့် မီးတိုက် အစရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.