ရန်ကုန်၊ အောက်တိုဘာ (၁)

မြန်မာနိုင်ငံက ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အခကြေးငွေပေးသွင်းပြီး ဝင်ရောက် ကြည့်ရှုနိုင်ခွင့် ပိတ်ပင်မှုဟာ စစ်ကောင်စီက ခရိုနီလက်သစ်တွေကို ကာကွယ်ပေးတာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မှတ်တမ်း အချက်အလက်တွေကို အခကြေးငွေနဲ့ ဝင်ကြည့်လို့ရတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့ အင်တာနက်စာမျက်နှာကို ပိတ်ပင်လိုက်တာပါ။

အရင်က ကုမ္ပဏီမှတ်တမ်းတစ်စောင်ကို DICA သို့ ငွေကျပ်တစ်သောင်းပေးပြီး အင်တာနက်ကနေဝယ်ယူပါက ကုမ္ပဏီ ရှယ်ယာရှင်တွေ၊ ရှယ်ယာရှင်တွေရဲ့ ရှယ်ယာပိုင်ဆိုင်မှုပမာဏတွေနဲ့ ကုမ္ပဏီရဲ့ အဓိကပုဂ္ဂိုလ်တွေရဲ့မွေးသက္ကရာဇ်၊ နိုင်ငံ သားမှတ်ပုံတင် ၊နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးစာအုပ်အမှတ် အပြည့်အစုံတို့ကို သိရှိနိုင်ပါတယ်။

ဒါ့အပြင် ငွေကျပ်နှစ်သောင်းပေးသွင်းပါက ကုမ္ပဏီတစ်ခုရဲ့ သမိုင်းကြောင်းမှတ်တမ်းကိုပါ သိရှိခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ အခုလို ကုမ္ပဏီတွေရဲ့ အချက်အလက် သိရှိခွင့်ကို ပိတ်ပင်တာဟာ ခရိုနီလက်သစ်တွေရဲ့ ရင်းနှီးမှုတွေကို အများပြည်သူ မသိရှိနိုင်အောင်နဲ့ အချက်အလက် ပြန်နှံ့မှုကို ထိန်းချုပ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ ကျတော်ပြောချင်တာ ခရိုနီလက်သစ်တွေများပေါ်နေပြီလားပေါ့။ခုနောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရလာတယ် အခြားအခြားသော လုပ်ပိုင်ခွင့်တွေရ လာတာမြင်လာတယ်လေ။ဒါက ရန်ကုန်မှာပြောရရင် စူပါမားကတ်အသစ်ကြီး တစ်ခုပေါ်လာတယ်။ နေရာအကျယ်ကြီးတွေမှာ ဆက်တိုက်ဆက်တိုက် ဆောက်လာတာနော်။ဒါ သူတို့နဲ့ရင်းနှီးလို့ လုပ်ပိုင်ခွင့်တွေရလာတာလားပေါ့။ အဲလို ဒီရင်းနှီးမြှုပ်နှံမှုငွေတွေက ဘယ်ကလာတာလို့လဲ သုံးသပ်စရာဖြစ်လာ တယ်။ သူတို့နဲ့ ရင်းနှီးမှုတွေကို လူသိမခံချင်လို့လုပ်တာလားပေါ့” လို့ ရန်ကုန်မြို့က စီးပွားရေးသမားတစ်ဦးက ပြောပါတယ်။

ဒီလို အချက်အလက်တွေကို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ခရိုနီလက်သစ်တွေ ထပ်မံပေါ်ပေါက်လာတာကို စစ်ကောင်စီအ နေနဲ့ ကာကွယ်ပေးချင်လို့ ဖြစ်နိုင်ပြီး အမှောင်ခေတ်ကို အလုံးစုံပြန်သွားနေတာလို့ သတင်းစာ ဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့တွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ ကုမ္ပဏီတွေရဲ့အကြောင်းတွေကို လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာဖော်ပြမှုများလာပြီး ပြည်သူလူထုက သပိတ်မှောက်ဆန့်ကျင်မှုတွေလုပ်ဆောင်လာကြလို့ စစ်ကောင်စီ က အခုလို ပိတ်ပင်လိုက်တာလို့လည်းပြောဆိုသုံးသပ် နေကြ တာတွေလည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး DICAမှတာဝန်ရှိသူ ကို သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟာလည်း မိသားစုပိုင်ကုမ္ပဏီတွေ ထူထောင်ကာ ဌာနဆိုင်ရာ တင်ဒါအများ အပြား လုပ်ပိုင်ခွင့်ရနေတဲ့ စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်အဆင့်ရှိသူ ဗိုလ်ချုပ်မိုးမြင့်ထွန်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ မကြာသေးခင်က မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်ကာ မြန်မာ့စီးပွားရေးပွင့်လင်းမြင်သာတိုးတက်စေဖို့ ဆောင်ရွက်ပေးနေတဲ့ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီဗိုးမန်းနဲ့ ခင်ပွန်းဖြစ်သူပန်းချီထိန်လင်းကို မဆီလျော်တဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ခရိုနီအများအပြားကိုလည်း စစ်ကောင်စီက အခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် ခေတ်ပျက်သူဌေး တွေပေါ်လာပြီး စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီး စီးပွားရေးလုပ်နေတယ်ဆိုတဲ့ အချက်အလက်တွေကို နိုင်ငံတကာကိုဖုံးကွယ်ထားလို တာကြောင့်လို့လည်း သုံးသပ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.