မော်လမြိုင်၊ စက်တင်ဘာ (၂၉)
စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း မသန်စွမ်း အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးသွားပြီးဖြစ်သလို ကျန်းမာရေးနဲ့ စားဝတ်နေရေးကအစ အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ မသန်စွမ်းသူတွေနဲ့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နဂိုရှိပြီးသား အခွင့်အရေးတွေ ဖြစ်တဲ့ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ လေ့ကျင့်ပျိုးထောင်ပေးတာ၊ အလုပ်အကိုင်ရရှိမှု အပါအဝင် အသက်ရှင်နေထိုင်ခွင့်ကအစ ဆုံးရှုံးလာတာ ဖြစ်ပါတယ်။
အခွင့်အရေးတွေ ဆုံးရှုံးခံနေရတဲ့ မသန်စွမ်းသူတွေဟာ အခုနောက်ပိုင်းကာလတွေမှာ အချင်းချင်း ပြန်လည် ဖေးမကူညီနေသလို ဥပဒေအကာအကွယ်ကလည်း မရှိသလောက် နည်းပါးလာတဲ့အတွက် အဆိုးဝါးဆုံးနဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။
“ဘယ်လောက်ထိ ဆုံးရှုံး သွားလည်း ဆိုတော့ ကျွန်တော်တို့ရဲ့ ပညာရေး ကဏ္ဍတွေ ကျန်းမာရေး ဟာတွေပါ အခု ကိုယ့်ဟာကို ဘယ်လို လုပ်နေရလည်း ဆိုတော့ ကျွန်တော်တို့က ရတဲ့ အခွင့်အလမ်းလေးကို ရှာကြံ ပြီးတော့ ဘယ်အပေါက်လေးကနေ သက်သောက်သက်သာ ဖြစ်မလဲ ဆိုတာတွေကို အဲ့လိုမျိုးနဲ့ဘဲ စိတ်ခွန်အားပေါ့၊ အတက်နိုင်ဆုံး တစ်ယောက်နဲ့ တစ်ယောက် ဖေးကူတဲ့ ဟာမျိုးပဲ လုပ်နေရတယ်၊ ဘယ်သူမှ ကျွန်တော်လည်း သူ့ကို မကူနိုင် သူလည်း ကျွန်တော်ကို မကူနိုင် အဲ့လို ဖြစ်နေတယ်၊ အခုက ကျန်းမာရေးက ဖြစ်လာတော့ ပိုဆိုးတာပေါ့ မသန်စွမ်းတွေ ဆိုရင် ဒီကိုဗစ် ကာလမှာ ဘယ်လောက် ဒုက္ခရောက်လည်း ဆိုတာ၊ လက်လုပ် လက်စားတွေလည်း အဆင်မပြေတော့ဘူး၊ မသန်စွမ်း သူ့အလုပ်လေးတွေနဲ့ ရှိတဲ့သူတွေတောင် ပိုဆိုးသွားတာပေါ့၊ ဘယ်လောက်ထိ ဆိုးသွားလည်း ဆိုတော့ ဥပဒေအရ ပြဌာန်းတယ် ဆိုတာက ကျွန်တော်တို့ဒီ စစ်ကောင်စီရဲ့ ဥပဒေပဲ ဖြစ်ဖြစ် ပထမက ဥပဒေပဲ ဖြစ်ဖြစ် ဥပဒေ စပြဌာန်း ကတည်းက မသန်စွမ်း အရေးကို ဒီလောက်ကြီး ထည်းထည်းဝင်ဝင် ရေးဆွဲထားတာ မရှိတဲ့ အခါကျတော့ အခုလို ကာလကျတော့ ပိုဆိုးတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်တွေမှာလည်း စီးပွားရေး အကျပ်အတည်းတွေကြောင့် ဝန်ထမ်း လျော့ချရာမှာ မသန်စွမ်းတွေကိုသာ လျော့ချ လာကြတဲ့ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာသလို အတက်ပညာ ပိုင်းဆိုင်ရာတွေမှာလည်း အရင်လို သင်ကြား ပေးတာ မရှိတော့တဲ့ အတွက် ပညာရပ်ပိုင်း ဆိုင်ရာတွေပါ ဆုံးရှုံး နေရတာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း အရင်လို ကူညီ ဆောင်ရွက် ပေးသူတွေ မရှိတော့တဲ့ အတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာတွေပါ ကျဆင်းလာသလို အိမ်တွင်း တနိုင်တပိုင် လုပ်ကိုင်နေတဲ့ မသန်စွမ်းတွေကလည်း ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုတွေကြောင့် အလုပ်တွေ ဆက်မလုပ်နိုင်တော့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေပါ ရပ်နားလာရတာပါ။
မသန်စွမ်းသူတွေဟာ သာမန်လူတွေ လိုမျိုး ကိုယ်အင်္ဂါ ပြည်စုံခြင်း မရှိဘဲ စိတ်ဓာတ်နဲ့ ရပ်တည် နေရတဲ့ သူတွေ ဖြစ်တာကြောင့် ဒီလို အခြေအနေမျိုး ဆက်လက်ရင်ဆိုင်နေရမယ်ဆိုရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ အထိ ဖြစ်လာနိုင်တယ်လို့ မသန်စွမ်းသူ တစ်ဦးက ပြောပါတယ်။
“ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဘယ်လောက်ထိ ခက်ခဲ နိုင်လည်း ဆိုတာ အများကြီး ရှိတာပေါ့၊ အဓိက ကျွန်တော်တို့က မသန်စွမ်းတွေ ဖြစ်တယ်၊ ကျွန်တော်တို့က သာမန်သူတွေ လိုမျိုး ကျွန်တော်တို့မှာ ကိုယ်အင်္ဂါ ပြည်စုံခြင်း မရှိဘူး၊ အားနည်းချက်တွေ ရှိတယ်၊ ကျွန်တော်တို့က စိတ်ဓာတ် တစ်ခုနဲ့ ရပ်တည်နေရတဲ့သူ၊ မသန်စွမ်း တော်တော်များများက ကိုယ့်ရဲ့ စိတ်ဓာတ်ကို အတက်နိုင်ဆုံး မြင့်တင်ပြီးတော့ စိတ်ဓာတ် တစ်ခုနဲ့ ဘဝကို ရှေ့ဆက် နေတဲ့သူတွေပေါ့၊ အဲ့လိုမျိုး ဆိုတော့ ဒီလို အခြေအနေမျိုးကြီး ဆက်သွား နေမယ်ဆိုရင် ကျိန်းသေတယ်ဗျ စိတ်ဓာတ်လေး တစ်ချက် ကျလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ထိ ဝန်မလေးတော့ဘူး၊ အဲ့ဒီ အနေအထားထိ ရောက်သွားနိုင်တယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ မသန်စွမ်းတွေရဲ့ အခွင့်အရေး အားလုံး နီးပါး ဆုံးရှုံး သွားပြီး ဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ နီးစပ်ရာ မသန်စွမ်းတွေကို စိတ်ပိုင်းဆိုင်ရာ အရ ဖြစ်စေ ရုပ်ပိုင်း ဆိုင်ရာအရ ဖြစ်စေ တက်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ မသန်စွမ်း အရေး ကူညီဆောင်ရွက်ပေးနေသူတွေက တိုက်တွန်းတာပါ။
မြန်မာနိုင်ငံမှာတော့ (၂၀၁၉)ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း အရ နိုင်ငံ့လူဦးရေရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း မသန်စွမ်းသူ အရေအတွက် တိုးလာ နိုင်တယ်လို့ မသန်စွမ်း အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်