မော်လမြိုင်၊ စက်တင်ဘာ (၂၇)
ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ထားတဲ့ နာမည်ကြီး အီတလီအသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ UEFA Nations လိဂ် အဆင့်(A) ပြိုင်ပွဲမှာ အုပ်စုအတွင်း ပြိုင်ဘက် ဟန်ဂေရီအသင်းကို အနိုင်ယူပြီး Final Four အဆင့်သို့ တက်ရောက်နိုင်ခဲ့တာပါ။
အီတလီနည်းပြ မန်စီနီဟာ ဒီပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်း ပွဲထွက်လာခဲ့သလို ပြိုင်ဘက်က ဟန်ဂေရီအသင်းကလည်း ဂျာမနီအသင်းကို အနိုင်ရထားတဲ့ လူစာရင်းကိုလည်း ဆက်လက် အသုံးပြုခဲ့တာပါ။
ဟန်ဂေရီအသင်းဟာ ပြိုင်ပွဲတလျှောက် အီတလီအသင်းကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့သလို အပိုင်အခွင့်အရေးတချို့ လွဲချော်မှုကြောင့် အီတလီအသင်းကို ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အရှုံးပေးလိုက်ရတာပါ။
အီတလီအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၂၇ မိနစ်မှာ ရက်စ်ပါဒိုရီ နဲ့ ပွဲချိန် ၅၂ မိနစ်မှာ ဒီမာကိုတို့က သွင်းယူပေးခဲ့တာပါ။
အီတလီအသင်းဟာ ဒီနိုင်ပွဲရလဒ်ကြောင့် နယ်သာလန်၊ ခရိုင်အေးရှားအသင်းနဲ့အတူ Final Four အဆင့်သို့ တက်ရောက်လှမ်းနိုင်ခဲ့တာပါ။
လက်ရှိမှာ UEFA Nations လိဂ် အဆင့်(A) ပြိုင်ပွဲရဲ့ Final Four အဆင့်ကို တက်ရောက်ဖို့ အသင်း တစ်သင်းသာ ကျန်ရှိနေတော့ ဖြစ်ပြီး အဲဒီထဲမှာ စပိန်နဲ့ ပေါ်တူဂီအသင်းထဲက ဘယ်အသင်း တက်ရောက်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်