ရန်ကုန် – စက်တင်ဘာ(၂၇)
အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိုကာကွယ်ပေးဖို့ အချိန်ကျပြီလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို NLD ပါတီက တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒီနေ့ စက်တင်ဘာလ(၂၇) ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း (၃၄) နှစ်ပြည့်ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာပါ။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာခင်အချိန်ထိ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကနေ ပြည်သူတွေရဲ့ နိုင်ငံရေးလွဲအပ်ကိုယ်စားပြုအာဏာကို ကျင့်သုံးမယ်လို့ NLD ပါတီဗဟိုအလုပ်ကော်မတီက ဆိုထားပါတယ်။
ဒါ့အပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး မှာအရေးအကြီးဆုံးပေါင်းကူးလုပ်ငန်းဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရာမှာ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကြေညာခဲ့တဲ့ ဖက်ဒရယ်မူ(၆) ချက်ကို လမ်းညွှန်ချက်အဖြစ်ထားပြီး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစု အသီးသီးကထုတ်ပြန်ကြေညာထားတဲ့ မူဝါဒကြေညာစာတမ်းတွေကိုပေါင်းစပ်ပြီး ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဥပဒေချိုးဖောက်ပြီး တရားမဝင်အာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ဖွဲ့စည်းပေးထားတဲ့အဖွဲ့ အစည်း တွေ၊ကျင်းပဖို့ ကြံစည်နေတဲ့ ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ်အားလုံးကို အသိအမှတ်ပြု လက်ခံပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျင့်ဝတ်တွေကို လေးစားလိုက်နာမှုမရှိဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးပြီး ကျန်းမာရေးနဲ့ မလျှော်ညီတဲ့ အခြေအနေမှာ ထားရှိမှု၊ ဗဟိုအလုပ်အမှုဆောင်အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ပဲခူးမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးညွန့်ရွှေအပါ အဝင်ပါတီခေါင်းဆောင်တွေကို အကျဉ်းထောင်ထဲမှာ စနစ်တကျ ဆေးကုသမှုမရရှိဘဲ အသက် ဆုံးရှုံးခံခဲ့ရတာတွေနဲ့ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ လူမျိုးတုံး သတ်ဖြတ်မှုတွေ ပေါ်ပေါ် ထင်ထင်ကျူးလွန်နေတဲ့စစ်ကောင်စီကို လက်တွေ့ကျပြီးပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ အရေး ယူဆောင်ရွက်ပေးဖို့ လည်း NLD ပါတီက တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်မှာတော့ NLD ပါတီအနေနဲ့ မြန်မာ့လူထုသာမက ကမ္ဘာ့နိုင်ငံတွေကပါ လက်ခံထားတဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်