သိမ်ဇရပ်၊ စက်တင်ဘာ (၂၇)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင်နဲ့ဇနီးဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်မှာ သိမ်ဇရပ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးလွင်နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်သန်းတို့ နေအိမ်မှာ ရှိနေချိန် အမည်မသိသေနတ်သမားတွေက ကာ ကားနဲ့ရောက်ရှိလာပြီး နေအိမ်ပေါ်တက်ကာ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးလွင်မှာ သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မြင့်သန်းက ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

သေနတ်ဒဏ်ရာတွေ ရရှိခဲ့တဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးလွင်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးလွင်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက စစ်တပ်ဗိုလ်မှူးဟောင်း တစ်ဦး ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာ ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သိမ်ဇရပ်မြို့မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ သတင်းပေးဒလန်တွေ အပါအဝင် ပျူစောထီးအဖွဲ့ ၁၀ ဦးထက်မနည်း ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.