ရေး၊ စက်တင်ဘာ (၂၇)

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)ရုံးဟာ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီ စစစရုံးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က မိုင်းထောင် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

စစစရုံး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦး အရှေ့ဘက်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတော့ မရှိဘူးလို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီ စစစရုံးဟာ ပြီးခဲ့တဲ့လတုန်းကလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီးနောက် ရုံးဝန်ထမ်းတွေ ရုံးမတက်တော့တဲ့ ရုံးတစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ စစစရုံး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးတာတွေ ပြုလုပ်သွားခဲ့သလို လမ်းတချို့မှာလည်း ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့မှာ ရှိတဲ့ မြို့နယ်လဝကရုံးကို ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် သုံးဦး သေဆုံးပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ် ထားတာပါ။

စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားကြားကနေ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို မကြာခဏဆိုသလို ဝင်ရောက် တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.