ရေဖြူ၊ စက်တင်ဘာ (၂၇)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နှမ်းကြဲနဲ့ကျေးဇူးတော်ကျေးရွာထဲကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ် အင်အား ၈၀ လောက်ဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ နှမ်းကြဲနဲ့ ကျေးဇူးတော်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ကျေးရွားအတွင်းရှိ ဘုန်ကြီးကျောင်းကြီးနဲ့ ကျေးရွာအပြင်ဘက်တွေမှာ ဝင်ရောက် တပ်စွဲထားတာ ဖြစ်ပါတယ်။

နှမ်းကြဲကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေ ဖြစ်တဲ့ ဦးညီညီ၊ ဦးထွန်းနိုင်နဲ့ဒေါ်တင်ခိုင်တို့ ၃ ဦးကိုလည်း ဖမ်းဆီးပြီး ထားဝယ်မြို့ပေါ်သို့ ပို့ဆောင်ထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်အင်အား ၅၀ လောက်ဟာ စက်သေနတ်တွေပါ တင်ထားတဲ့ ကားတွေနဲ့အတူ နှမ်းကြဲနဲ့ကျေးဇူးတော်ကျေးရွာထဲကို ထပ်မံ ဝင်ရောက်လာခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ စစ်ကောင်စီဘက်က တင်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် ပြင်ဆင်စရာ ရှိတာ ပြင်ထားပြီး စစ်ကောင်စီဘက် စစ်ကြောင်းထိုးလာပါက နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တပ်အင်အား အလုံးအရင်းနဲ့ ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံတွေ ပြည်သူတချို့ ကြိုတင်တိမ်းရှောင်တာတွေ ရှိလာသလို တချို့ဒေသခံကတော့ အခြေအနေကို ဆက်လက် စောင့်ကြည့်နေတာပါ။

စစ်ကောင်စီတပ်က စစ်ကြောင်း ဝင်ရောက်လှုပ်ရှားနေတဲ့ နှမ်းကြဲနဲ့ကျေးဇူးတော်ကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄) ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.