မော်လမြိုင်၊ စက်တင်ဘာ (၂၇)

စစ်တပ် အာဏာသိမ်းပြီးနောက် အဘက်ဘက်ကနေ ကျဆင်းနေတဲ့ မွန်ပြည်နယ်ရဲ့ ခရီးသွားကဏ္ဍကို စစ်ကောင်စီက ပြန်လည် စတင်ဖို့ အပြင်းအထန် ကြိုးပမ်းလာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်နယ်အတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့အတွက် သမိုင်းဝင် အဆောက်အဦးတွေ၊ ဂူတွေ၊ မော်လမြိုင် Night Walking Street အပါအဝင် အထင်ကရ နေရာတွေကို ပြန်လည် ပြင်ဆင်ဖို့နဲ့ လူစည်းကားအောင် လုပ်ဖို့ ညွှန်ကြားလာတာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်တွေ အများဆုံး ဝင်ရောက်နေတဲ့ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကိုလည်း လာမယ့် အောက်တိုဘာ ၉ ရက်နေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။

စစ်ကောင်စီက ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ကြိုးပမ်းလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ခရီးသွား လုပ်ငန်းမှာ စိတ်ဝင်စားအောင် ရှေ့ဟောင်း သမိုင်းဝင်ပေါ့နော်၊ သမိုင်းဝင် စေတီ ပုထိုးတွေ၊ အဆောက်အဦးတွေ၊ သာသနိက အဆောက်အဦးတွေကို ကျွန်တော်တို့က ဆွဲဆောင်မှု ရှိအောင် နောက်တခါ ဂူတွေပေါ့ဗျာ လိုင်ဂူတွေ အဲ့တာတွေလည်း ကျွန်တော်တို့ သွားလာလို့ ရအောင် ဆိုပြီးတော့မှ ဒါခုဏက ပြောသလို လုံခြုံရေး ရှိတဲ့ နေရာလေတွေကို ဒါဦးဆောင်ပြီးတော့မှ ဒါသူတို့ လာကြမယ့် ခရီးသွားတွေကို ကျွန်တော်တို့က လိုက်လံပြီးတော့ ပြသဖို့ ဆိုပြီးတော့မှ ဒီလိုမျိုးနဲ့ လမ်းညွန်ထားတာ ရှိပါတယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ကမ်းနားလမ်း Walking Streetတို့ ဘာတို့ ကျွန်တော်တို့ နောက် မော်လမြိုင် ပေါ့နော် Welcome အဲ့ဒီဟာတွေ အကုန်လုံးလည်း ကျွန်တော်တို့ကလည်း ပြင်ဆင် နေပါတယ်၊ ဘာဖြစ်လို့ဆိုတော့ ဒီဟာမှာ ကလေးတွေ သဘာဝ ကျန်းမာရေး လေ့ကျင့်လို့ ရအောင်လို့ ကျွန်တော်တို့ စကိတ်စီးလို့ ရတာတို့ ဘာတို့ အဲ့ဒါတွေ အကုန်လုံးတော့ လုပ်ပြီး နေပြီး ဖြစ်ပါတယ်၊ အားလုံး ဖွင့်နိုင်ပြီးတော့ စည်စည်းကားကားလေနဲ့ ပြန်ပြီးတော့ လုပ်ပေးကြဖို့ တိုက်တွန်း ထားပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုပြီး ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေကို အစည်းအဝေးခေါ်ယူပြီး တွန်းအားပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရှုံးနဲ့ ရင်ဆိုင်နေရတဲ့ မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်၊မိုတယ်နဲ့ တည်းခိုခန်းတွေလည်း မဖြစ်မနေ ဖွင့်လှစ်ကြဖို့ ညွှန်ကြားထားတာပါ။

ခရီးသွားလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ကောင်စီက ခရီးသွားလုပ်ငန်းတွေ ပြန်စဖို့ ကြိုးပမ်းလာပေမယ့် တိုင်းပြည်မတည်ငြိမ်တာ၊ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ပြည်ပ ခရီးသွားဝင်ရောက် မရှိနိုင်သလို ပြည်တွင်း ခရီးသွားဧည့်သည်ကလည်း ထင်သလောက် ဝင်ရောက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်တာပါ။

“သူတို့က ကြိုးစားတာပေါ့နော်၊ သူတို့ဘာ သူတို့ ကာဘာတွေ လုပ်တယ်၊ သူတို့ဘာ သူတို့ ကြိုးစားတာပေါ့နော်၊ ဝင်ရောက်လာအောင် ဧည့်သည်တွေ သွားလာအောင်တော့ ကြိုးစားနေကြတယ်၊ ဒါပေမယ့် တဖက်အပိုင်းက ပြန်ကြည့်မယ် ဆိုရင် အဲ့လို ဝင်ရောက်ဖို့က နယ်မြေ လုံခြုံ အေးချမ်းမှသာ ဝင်ရောက်မှာ နယ်မြေမလုံခြုံဘူး မအေးချမ်းဘူးဆိုရင် ဧည့်သည်တွေက ဝင်ရောက်ဖို့ မရှိဘူး၊ အဲ့တာ တပိုင်း၊ ဒါဆိုရင် ဝင်ရောက်မှု နည်းမယ် ဆိုတာကို ကျွန်တော်တို့ တွက်ထားတယ်၊ တချို့ မဝင်ရောက် လာနိုင်သေးဘူးလို့လည်း တွက်ဆလို့ ရတယ်၊ နောက် ကျွန်တော်တို့ အခု လတ်တလော မျှော်လင့်တာက နိုင်ငံခြားသား ဆိုရင် မမျှော်လင့် သေးဘူးဆိုရင် ပြည်တွင်းကော ပြည်တွင်း ဆိုရင်လည်း ဝင်ရောက်နိုင်မှု များလားပေါ့နော်၊ ဒါဆိုရင် ဝင်ရောက် နိုင်မှု နည်းတာကို မျှော်လင့်တယ်၊ နည်းမယ်လို့တော့ ယူဆတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ စစ်တပ် အာဏာမသိမ်းခင်က နှစ်စဉ်ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည် သိန်းနဲ့ချီ ဝင်ရောက်နေတာ ဖြစ်ပြီး အဲဒီခရီးသွားကဏ္ဍကနေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရရှိနေတာပါ။

ဒါပေမယ့် မွန်ပြည်နယ်ရဲ့ ခရီသွားကဏ္ဍဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အဘက်ဘက်က ကျဆင်းနေသလို ခရီးသွားဝင်ရောက်မှုကလည်း သိသိသာသာ လျှော့ကျလာတာပါ။

ခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းလာတဲ့အတွက် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း လုပ်ငန်းအများစု အရှုံးနဲ့ ရင်ဆိုင်နေရပြီး တချို့ခရီးသွားလုပ်ငန်းတွေဆို အပြီးပိုင် ရပ်နားလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ တိုင်းပြည် တည်ငြိမ်နေကြောင်း နိုင်ငံတကာကို လိမ်လည် ပြသဖို့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်စဖို့ အပြင်းအထန် ကြိုးပမ်းနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.