နေပြည်တော်၊ စက်တင်ဘာ (၂၇)

နေပြည်တော်မှာ အခုရက်ပိုင်းအတွင်း အချက်အခြာကျတဲ့ နေရာတွေအပြင် မြို့ပတ်လမ်းပေါ်နဲ့ ဟိုတယ်ဇုန် အနီးတဝိုက် လမ်းဆုံ၊ လမ်းခွတွေမှာ စစ်ကောင်စီက လုံခြုံရေး ဘန်ကာတွေကို ပြန်လည်ပြင်ဆင်တာနဲ့ လုံခြုံရေး စိုးရိမ်ရတဲ့နေရာတွေမှာ ပြောက်ကျားစနစ်နဲ့ လုံခြုံရေး ချတာတွေ လုပ်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘန်ကာတွေ ပြန်လည်ပြင်ဆင်နေတဲ့ နေရာတွေကတော့ နေပြည်တော်မိုင် ၂၀၀ အမြန်လမ်းဘက်အဝင်က ဒက္ခိဏမီးပွိုင့် လမ်းဆုံ၊ ကြံ့ခိုင်ရေး အဝိုင်း(ကံ့ကော်အဝိုင်း) အနီးရှိ ရန်အောင်မြင်ရွာထိပ် ၊ တုံဂပူရီ မီးပွိုင့် ရဲကင်းအနီးတွေမှာ သဲအိတ်ဘန်ကာတွေကို ပိုမိုတောင့်တင်းအောင် ပြင်ဆင်တာတွေ လုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် ရာဇသင်္ဂဟလမ်းနဲ့ ရွှေကြာပင်လမ်း ထောင့်ရှိ ရွှေနန်းတော်ဟိုတယ်ထောင့်နဲ့ ရွှေနံ့သာအဝိုင်းနားမှာတော့ သဲအိတ်ဘန်ကာတွေ အသစ်ထားရှိလာတယ်လို့ နေပြည်တော် ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက နေပြည်တော်မှာ စက်တင်ဘာလဆန်းပိုင်းစကပြီး လုံခြုံရေးတွေ အထူးတင်းကျပ်ထားပြီး အစိုးရရုံးအနီးတဝိုက် နဲ့အရေးကြီးနေရာတွေမှာ တပ်ရင်းတစ်စုစာ လူငါးယောက် နီးပါးနေထိုင်နိုင်တဲ့ သဲအိတ်ဘန်ကာတွေကို ပိုမိုချထားလာတာပါ။

တဖက်မှာတော့ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆင့်မြင့်အရာရှိတွေ နေထိုင်ရာဖြစ်တဲ့ ရာဇသင်္ဂဟ အိမ်ရာ- (၁) အဝင်အပေါက်ကို ပိတ်ထားပြီး ရာဇသင်္ဂဟ အိမ်ရာရဲ့ သာမန် ပြည်သူတွေနေထိုင်ရာ အိမ်ရာဘက်မှာတော့ ပုံမှန်အတိုင်းသွားလာဖြတ်သန်းခွင့် ပေးထားတယ်လို့ ဆိုပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် နေပြည်တော်ရဲ့ လူအစည်ကားဆုံးလမ်းမဖြစ်တဲ့ ဧရာဝတီလမ်းမပေါ်က စားသောက်ဆိုင်တွေဟာ ည ၁၁နာရီဝန်းကျင်မှာ ပိတ်လာကြပြီး ည ၁၂နာရီကျော်မှာ လမ်းပေါ်ဖြတ်သန်းသွား လာမိခဲ့ရင် လုံခြုံရေးဂိတ်တွေက ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

နေပြည်တော်မှာ အခုလို လုံခြုံရေးပိုင်းပြင်ဆင်မှုတချို့ ပြုလုပ်လာတာဟာ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲ ကျင်းပဖို့ စောင်းပါးရိပ်ခြေ ပြောကြားခဲ့တာနဲ့ ဆက်စပ်နေနိုင်တယ်လို့လည်း ဒေသခံတွေအကြား ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.