ညောင်လေးပင်၊ စက်တင်ဘာ (၂၇)

အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေနဲ့ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ အဆုံးစွန် အကြမ်းဖက်မှု ဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီက ပဒိုခါးမဲက ပြောဆိုလိုက်တာပါ။

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်နေ့ကစပြီး စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ဆင်ရေးတေ ွလုပ်ဆောင်နေပြီး ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူလူထုတွေဟာ လုပ်ကိုင်စားသောက်ဖို့ အခွင့်အလမ်းမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် ပြီးခဲ့တဲ့ မေလကစပြီး လက်ရှိအချိန်ထိ အရပ်သားပြည်သူ(၁၆)ဦးသေဆုံးခဲ့ရပြီး (၂၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အရပ်သားပြည်သူ (၉၄)ဦးကတော့ မတရားဖမ်းဆီးညဉ်းဆဲခံနေရတယ်လို့ KNU ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အဆုံးစွန် အကြမ်းဖက်တဲ့လုပ်ရပ်ပဲလို့ ပဒိုခါးမဲက ပြောဆိုလိုက်ပါတယ်။

“စစ်ကောင်စီရဲ့လေကြာင်းတိုက်ခိုက်မှုကတော့ အင်မတန်မှမတရားအနိုင်ကျင့်ဗိုလ်ကျတဲ့ အဆုံးစွန်ထိအကြမ်းဖက်လုပ်ရပ်လို့ပဲ ကျွန်တော်မှတ်ချက်ပြုချင်တယ်။ ဘာကြောင့်လည်းဆိုတော့ တကယ့်မလုပ်သင့်မလုပ်ထိုက်တဲ့ဟာဗျ။ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာကတော့ တကယ့်လူမဆန်တဲ့လုပ်ရပ်ပဲဗျ။ လူထုကအကြောက်တရားနဲ့ အသက်ရှင်နေထိုင်နေရတဲ့လူထုတွေ သူတို့ကျတော့နည်းအမျိုးအမျိုးနဲ့ ခြိမ်းခြောက်တယ် ဖမ်းဆီးတယ် ချုပ်နှောင်တယ် သတ်ဖြတ်တယ်။ ဒါတင်မကဘူး ရွာကိုပါမီးရှို့တယ်။ ရွာဝင်လာတဲ့အချိန်မှာလည်း ရွာအတွင်းမှာရှိတဲ့ ကြက်တွေဘဲတွေနွားတွေကို ပစ်သတ်ပြီးတော့ စားသောက်ခဲ့တယ်။ ကျေးရွာအတွင်းမှာ လက်နက်ကြီးတွေနဲ့လည်း ခြိမ်းခြောက်ပစ်ခတ်မှုအမြဲတမ်းလုပ်ခဲ့တယ်။ ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လေယာဉ်နဲ့ကို ကျေးရွာအတွင်းကိုပစ်ခတ်တာမြင်ခဲ့ရတယ်။ ပြောရမယ်ဆိုရင် မုန်းမြို့နယ် ကြောင်ပြာကျေးရွာအတွင်းမှာပဲ လေယာဉ်နဲ့စက်လက်နဲ့ တရစပ်ပစ်ခတ်တယ် ဗုံးတွေကြဲတယ်” လို့ သူကဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်နဲ့ ခေတ်စနစ်ဆိုးကြီးတွေကို ပြည်သူလူထုတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ပြီး အဆုံးသတ်ကြဖို့ ပဒိုခါးမဲက တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့၊ အဆက်အဆံမလုပ်ဖို့နဲ့ စစ်ကောင်စီရဲ့ စီးပွားရေးနိုင်ငံရေးအားလုံးကို ပတ်ဆို့အရေးယူဖို့နဲ့ ပြည်သူလူထုတွေအတွက် စိတ်ချရတဲ့ ဧရိယာဇုန်သတ်မှတ်ပေးဖို့လည်း ပဒိုခါးမဲက တောင်းဆိုလိုက်ပါတယ်။

KNU ညောင်လေးပင်ခရိုင်အတွင်း စစ်ရေးဝင်ရောက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ရွာပေါင်း(၁၂၅)ရွာက ဒေသခံပြည်သူလူထု (၁၀၀၀၀၀)သိန်းနီးပါးဟာ အိုးအိမ်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်လျက်ရှိတယ်လို့ KNU ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.