စစ်ကိုင်း၊ စက်တင်ဘာ (၂၅)
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းကာလတွေမှာ တော်လှန်ရေးအားကောင်းတဲ့ နယ်မြေဒေသက နေအိမ်အဆောက်အဦး မီးရှို့ဖျက်ဆီးမှုတွေကို နေ့စဉ်နဲ့အမျှ ပိုမို ကျူးလွန်လာတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာတွေ၊ လက်နက်ကျည်တွေ ထိမှန်ပြီး ပျက်စီးဆုံးရှံးခဲ့ရတာတွေနဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်၊အဆောက်အအုံပေါင်း ၃၆၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာတော့ အခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုတွေ ခပ်စိတ်စိတ် ပိုများလာနေသလို လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်နေတဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာဆိုရင် နေ့စဉ်အမျှနဲ့ မီးရှို့ဖျက်ဆီးခံနေရတာပါ။
စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ အခုလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့နေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာ ဖြစ်ပြီး ပြောစရာ စကားလုံးတောင် မရှိတော့တဲ့ အခြေအနေထိ ကျူးလွန်လာတယ်လို့ ပြောပါတယ်။
“သူတို့ဘက်က (စစ်ကောင်စီတပ်) လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်းလုပ်နေပါတယ်။သူတို့ လုပ်နေတာတွေဟာ တော်တော် ဆိုးရွားတာထက်ကို မကတော့ဘူးပေါ့ဗျာ။နှိုင်းစရာ စကားလုံးတွေ မရှိလောက်အောင်ကို ဖြစ်နေပြီ။PDF မထောက်ပံ့အောင်ရယ် စစ်ဘေးရှောင်တွေကို ထောက်ပံ့လို့ မရနိုင်အောင် သူတို့ကပဲ နည်းမျိုးစုံနဲ့ လုပ်နေတာပါဗျာ” လို့ သူက ဆိုပါတယ်။
ISP – Myanmar ရဲ့ အချက်အလက်တွေအရ အခုနှစ် ဩဂုတ်လ တစ်လတည်းမှာပဲ နိုင်ငံအနှံ့က နေအိမ်၊ အဆောက်အအုံပေါင်း ၆၂၀၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးခံရမှုတွေ အများဆုံး ရှိခဲ့ပြီး နေရာတခုတည်းမှာတင် နေအိမ်၊အဆောက်အအုံ ၁၀၀ နဲ့ အထက် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ရှိခဲ့တာပါ။
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ တစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ကြောက်အောင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို နေ့စဉ်နဲ့အမျှ ဆိုးဆိုးဝါးဝါး ကျူးလွန်လာတယ်လို့ ပြောပါတယ်။
“ဒေသခံရွာတွေကို မီးရှို့ပြီးတော့မှ လူထုကို ကြောက်အောင်ပေါ့၊ မကြောက်တော့တဲ့ လူထုကိုလည်း ဘာမှမရှိတော့အောင် မီးရှို့တယ်၊သတ်ဖြတ်တယ်။ ဒီကာလမှာဆို စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ဒေသခံလူထုတွေ ခိုလှုံတဲ့နေရာတွေကို ရည်ရွယ်ပြီးတော့မှ ပစ်ခတ်တာမျိုးတွေ အများကြီး ကျွန်မတို့ နေ့စဉ်နဲ့အမျှ မျက်မြင်ကိုယ်တွေ့ ကြုံနေရတာရှိတယ်၊ ကြားနေရတာ ရှိတယ်၊ သိနေရတာတွေ ရှိတယ်”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဒီကနေ့အထိ မြေပြင်ဆန္ဒပြပွဲတွေနဲ့အတူ လက်နက်ကိုင် ခုခံတော်လှန်စစ်တွေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ကြိုးပမ်းနေတာပါ။
စစ်အုပ်စုကတော့ အညာဒေသက ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေကို ကူညီနိုင်တာတွေ မလုပ်နိုင်ဖို့အတွက် မီးရှို့ဖျက်ဆီးထားတဲ့ကျေးရွာတွေကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာပါတယ်။
မကွေးတိုင်းဒေသခံတစ်ဦးကတော့ စစ်အုပ်စုက ပြည်သူတွေ နေထိုင်စရာ မရှိအောင် မီးရှို့ဖျက်ဆီးနေပေမယ့် စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆက်လက် ကူညီပေးသွားမယ်လို့ ပြောပါတယ်။
“အခုချိန်မှာ သူတို့ရဲ့ (စစ်ကောင်စီတပ်)လုပ်ရပ်က ပြည်သူလူထုအပေါ် တအားကို အရက်စက်ဆုံး လုပ်ရပ်တွေကိုပဲ လုပ်ဆောင်သွားတယ်။ဘယ်လိုပဲ လုပ်ဆောင် လုပ်ဆောင် ကျွန်တော်တို့ နယ်မြေအနေနဲ့ ဆက်လက်ပြီး တော်လှန်ရေးကြီး အောင်မြင်အောင် အဖက်ဖက်ကနေ ကြိုးစားပြီးတော့ အမြဲတမ်း ဆက်လက်လုပ်ဆောင်သွားမယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ နိုင်ငံအနှံ နီးပါး စစ်မျက်နှာ ဖွင့်ထားရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကို အင်တိုက်အားတိုက် ရင်ဆိုင်နေရတာပါ။
တစ်ဖက်မှာလည်း တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၃ ရက် ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ (၂၁၀) ဟာ ဘူးသီးတောင်မြို့နယ်ရှိ သပိတ်တောင်ကျေးရွာကို မီးရှို့ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်