ကျိုက်ထို၊ စက်တင်ဘာ(၂၅)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်မှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာခအကြွေး ကျပ် ၅ သိန်းနဲ့အထက် ကျန်တဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်ကစပြီး ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တွေမှာ လျှပ်စစ်မီတာခ အကြွေး ကျပ် ၅ သိန်းအထက် ကျန်တဲ့ နေအိမ်တွေနဲ့ မီတာခ မဆောင်တဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်လာတာပါ။
အဲလို လျှပ်စစ်မီးဖြတ်တောက်ရာမှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက တစ်စုံတစ်ရာ အသိပေးတာ မရှိဘဲ မီးဖြတ်တာတွေ လုပ်ဆောင်လာတယ်လို့ မီးဖြတ်ခံရတဲ့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက မီတာခအကြွေးကျန် နေအိမ်နဲ့ မီတာခ မဆောင်တဲ့ နေအိမ် ၅၀ ထက်မနည်းကို လျှပ်စစ်မီးဖြတ်တောက်လာတာ ဖြစ်ပါတယ်။မီးဖြတ်ခံရတဲ့ နေအိမ်တွေထဲမှာ လျှပ်စစ်မီတာခ အကြွေး ကျပ် ၅ သိန်းနဲ့ အထက် မရှိတဲ့ နေအိမ်တချို့လည်း ပါဝင်နေတာပါ။
စစ်ကောင်စီ လျှပ်စစ်ဌာနက မီးဖြတ်တာတွေ လုပ်ဆောင်လာတဲ့အတွက် ဒေသခံတချို့က လျှပ်စစ်မီး ဖြတ်တောက်မခံရအောင် လျှပ်စစ်မီတာခတွေကို လအလိုက်ခွဲသွင်းတာနဲ့ အကျေပေးသွင်းတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက လျှပ်စစ်မီတာခံ ကောက်ခံနေတဲ့ လျှပ်စစ်ရုံးကို ပြီးခဲ့တဲ့လပိုင်းတုန်းက ဗုံးခွဲသတိပေးတာတွေ လုပ်ဆောင်ထားသလို ပြည်သူတွေအနေနဲ့လည်း မီတာခ မသွင်းဖို့ တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း နေအိမ်သုံး မီတာခတွေကို အခမဲ့ကင်းလွတ်ခွင့်ပေးအပ်ထားတယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်