မော်လမြိုင် – စက်တင်ဘာ(၂၃)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စစ်ကောင်စီလေတပ်က ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မျိုး ထပ်မဖြစ်ပွားဖို့အတွက် ကာကွယ်နိုင်သမျှနည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြဖို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။

စက်တင်ဘာလ(၂၂) ရက်နေ့ ကျင်းပခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။

“ဒီဖြစ်စဉ်အတွက် ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စများ မိမိတို့ဘက်မှ စီစဉ်နေပါတယ်။ နောက်ထပ်ဒီလိုဖြစ်စဉ်ကဲ့သို့မဖြစ်ရန်နိုင်ငံတကာရဲ့ အကူအညီတွေလိုအပ်သလို မိမိတို့ ဘက်မှလည်း ကာကွယ်နိုင်သမျှနည်းလမ်းမျိုးစုံကြိုးစားနေကြရမှာဖြစ်ပါတယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တို့ပေါင်းစပ်ပြီး လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ဖို့နဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေကို COC အတိုင်းသွားဖို့ အရေးကြီးတယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင် တွေက (၂၈/၂၀၂၂) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှု အခြေအနေတွေ၊ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာနအလိုက်ဆောင်ရွက်ထားရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က ဒီပဲယင်းမြို့နယ်က ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းအတွင်းမှာ ရှိနေတဲ့ ကလေးငယ်(၆) ဦးအပါအဝင် ဒေသခံ(၁၃) ဦးသေဆုံးခဲ့ပြီး ဆရာမနဲ့ ကလေး(၂၀) လောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.