မောင်တော ၊ စက်တင်ဘာ (၂၄)

ရခိုင်ပြည်နယ်ရှိ မြို့နယ်အတော်များများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ထားတာကြောင့် ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားရာကနေ လက်ရှိမှာ နှစ်ဖက် စစ်ရေး ပိုမိုတင်းမာလာတာပါ။

အခုအခါမှာတော့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တို့ကို ကုန်းလမ်း၊ရေလမ်းတွေ ကန့်သတ်ပိတ်ပင်ထားသလို ပြည်သူတွေရဲ့ သွားလာခွင့်တွေကိုလည်း တင်းကြပ်ထားပါတယ်။

စစ်ကောင်စီရဲ့ သွားလာခွင့် ကန့်သတ်မှုတွေကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာနေသူတွေဟာ စားနှပ်ရိက္ခာပြတ်လပ်တာကြောင့် ပြည်သူ အချင်းချင်း ပြန်လည်ဝေမျှပြီး စားသောက်နေရတယ်လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ သိရသလောက် စားနပ်ရိက္ခာပိုင်းမှာဆိုရင် အစားအသောက်ကို ဟိုဘက်ရွာကနေ ဒီဘက်ရွာ မျှပြီး စားနေရတဲ့ အနေအထားမျိုးပေါ့။မြို့နယ်ကနေ စစ်ရှောင်တွေ၊ ရွာကလူတွေကို ထောက်ပံ့ဖို့ ဆိုရင်လည်း အဆက်အသွယ်တွေ၊ လမ်းတွေမှာ အဆင့်ဆင့်ပိတ်ထားတာတွေ ရှိတော့ နည်းနည်း သွားလာရ ခက်တာပေါ့။ထောက်ပံ့ချင်တဲ့ သူတွေက သွားထောက်ပံ့လို့ မရဘူးဆိုတဲ့ အနေအထားမျိုး ရှိတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ် မြောက်ပိုင်းမှာလည်း အခုရက်ပိုင်းကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်တွေ ထပ်တိုးလာသလို အချို့ကျေးရွာတွေမှာတော့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေနဲ့ ပိတ်ပင်ခံထားရတာမို့ သွားလာရေး အခက်အခဲဖြစ်နေတာလို့ ဒေသခံက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း မောင်တော၊ဘူးသီးတောင်၊ရေသ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံစတဲ့ မြို့နယ်တွေမှာရှိတဲ့ ကုလသမဂ္ဂရုံးအပါအဝင် အရပ်ဘက်အဖွဲ့အစည်း(NGO/INGO) တွေကို ခရီးသွားလာခွင့်အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုကိုပါ ရပ်ဆိုင်းဖို့ စစ်ကောင်စီက ညွှန်ကြားထားတာပါ။

စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေပါမကျန် သွားလာခွင့်တွေ၊ ပိတ်ဆို့မှုတွေ တင်းကြပ်ထားတာကြောင့် မြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး ဆန်ပြုတ်သောက်နေရတဲ့ အခြေအနေထိ ဖြစ်ပေါ်လာတယ်လို့ မြောက်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ကစပြီး မြောက်ဦးမြို့ခေါင်းစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာလုံဝပြတ်သွားလို့ ဆန်ပြုတ်ကျိုသောက်ရတဲ့အခြေအနေ ဖြစ်နေကြပြီ။တစ်ခြားနယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်တွေလည်း စားနပ်ရိက္ခာတွေ ပြတ်လပ်နေကြပြီ” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြောက်ဦးမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၂၈ ခု ထက်မနည်း ရှိနေပြီး လူဦးရေ နှစ်သောင်းကျော် ရှိနေတဲ့အတွက် စစ်ဘေးရှောင်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ သွားရောက် ကူညီခွင့်မရတာကြောင့် စစ်ရှောင်တွေ ပိုပြီး ဒုက္ခရောက်နိုင်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်နယ်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲတွေ အရှိန်ပြင်းထန်လာနေချိန်မှာ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ညွှန်ကြားတဲ့ အမိန့်စာတစ်ခုလည်း ထွက်ရှိလာပါတယ်။

အဲဒီ အမိန့်ညွှန်ကြားစာမှာတော့ စစ်ဆေးရေးဂိတ်တွေအားလုံး ဘယ်ယာဉ်ကိုမဆို ဖြတ်သန်းသွားလာခွင့် မပြုဖို့ ၊ ကုန်းလမ်း၊ ရေလမ်းကြောင်းက စစ်ဆေးရေးဂိတ်တွေကို စနစ်တကျ စစ်ဆေးသွားဖို့နဲ့ ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေကို အစည်းအဝေးခေါ်ပြီး AA နဲ့ ဆက်သွယ်ရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဖော်ပြထားတာပါ။

တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီ မိုင်တိုင် (၄၀) နယ်ခြားစောင့်တပ်စခန်းနဲ့ စစ်ကောင်စီ ခမရ(၃၅၂) တပ်ရင်း ကုန်းစခန်း ၂ ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.