ဒီမော့ဆို၊ စက်တင်ဘာ (၂၄)

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်က စစ်ကောင်စီ ငွေတောင်အခြေစိုက် မလရ (၁၀၂) တပ်ရင်း လက်နက်တိုက် မီးလောင်ပေါက်မှုဟာ တပ်တွင်းရှို့မီးဖြစ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီ ငွေတောင်အခြေစိုက်တပ်ရင်း လက်နက်တိုက် မီးလောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး လက်နက်တိုက် မီးလောင်မှုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဗီဒီယိုမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့တာပါ။

လက်နက်တိုက် မီးလောင်မှုကို မီးငြိမ်းဖို့ ကြိုပမ်းခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တာဝေးပစ် လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ခံကတော့ စစ်ကောင်စီ လက်နက်တိုက် မီးလောင်မှုဟာ တပ်တွင်း ရှို့မီးဖြစ်ပြီး၊ ပျက်စီးဆုံးရှုံး များပြားနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

” အဲဒီလက်နက်တိုက်မီးစလောင်တဲ့အချိန်ပေါ့နော် ကျွန်တော်တို့ဘက်က တပ်တွေကို ကျွန်တော်တို့လှမ်းမေးတယ်။ ပစ်သေးလားပေါ့နော်။ပစ်တာမရှိသေးဘူးဆိုတာ သေချာသိတော့ ဒါဟာ သူတိူ့ဘာသာလောင်တာ။သူတို့ဘာသာရှို့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပျက်စီးမှုကတော့တော်တော်လေးများလိမ့်မယ်ဗျ။ကျွန်တော်တို့ကင်းထောက်ချက်အရပေါ့နော် ဒီနေ့မနက် လက်နက်တိုက်တွေဘေးမှာရှိနေတဲ့လက်နက်ကြီးတွေကို မိုးကာတွေနဲ့အုပ်ထားတာတွေ့ရတယ်။” လို့ ပြောပါတယ်။

လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့တဲ့ စစ်ကောင်စီ ငွေတောင်အခြေစိုက် မလရ ၁၀၂ တပ်ရင်းဟာ ဒီးမော့ဆိုမြို့နယ်အတွင်းက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အမြဲလို ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီတပ်ရင်းဟာ စစ်ကောင်စီအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာလည်း အရေးပါတဲ့ တပ်ရင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်တိုက် မီးလောင်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာတော့ ဒီမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ စစ်ကောင်စီဘက် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ အပြင်းအထန် ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်နေကြဖို့ KNDF သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.