ကျိုက်ထို၊ စက်တင်ဘာ(၂၄)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနဲ့ဘိုက္ကားကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းတွေကို အင်္ဂဘိုကျေးရွာနဲ့ဘိုက္ကားကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းဖွဲ့က ၂ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုသာန်အနီး လက်နက်ကြီး ထိုင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အင်္ဂဘိုကျေးရွာက ခြံအလုပ်သမား ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂဘိုကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီယာဉ်တန်းနဲ့ ကပ်လျက်ပါရရှိခဲ့တဲ့ ဆိုင်ကယ်က အမျိုးသား တစ်ဦး မိုင်းစထိမှန်သေဆုံးခဲ့သလို အတူစီနင်းလိုက်ပါလာတဲ့ အမျိုသမီးကလည်း ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။

ဒေသခံတွေအဆိုအရ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တာနဲ့ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ သေဆုံးသွားတဲ့သူတွေမှာ အင်္ဂဘိုဒေသခံ ၂ ဦး ပါဝင်ပြီး ကျန်အမျိုးသား တစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်သူ ဖြစ်တဲ့အတွက် ဘယ်ဒေသကလဲဆိုတာ မသိရသေးပါဘူးလို့ ဆိုကြပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ကောက်ယူသွားပြီး ကျိုက်ထိုမြို့နယ်သို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်လဲဆိုတာ ကျိုက်ထိုမြို့နယ်ဆေးရုံ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ နီးပါးဟာ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.