မော်လမြိုင်၊ စက်တင်ဘာ (၂၄)

ကမ္ဘာ့ ရွှေဈေးနှုန်း ဆက်တိုက် ကျဆင်းနေပေမယ့် ပြည်တွင်း ရွှေဈေးကွက်မှာ ဝယ်လိုအား နည်းလာတာကြောင့် ရွှေဈေးနှုန်း ဟာ ထင်သလောက်ကျဆင်းမှု မရှိဘဲ (၂၇)သိန်း ဝန်းကျင်မှာ ဈေးနှုန်း တည်ငြိမ် နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါ တယ်။

စက်တင်ဘာ ပထမအပတ်က ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ (၁၇၂၀) ဝန်းကျင်ထိ ရှိခဲ့ရာမှ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ (၁၆၇၀) ဝန်းကျင်ထိ ကျဆင်းခဲ့တာကြောင့် ပြည်တွင်း ရွှေဈေးနှုန်းတွေလည်း အနည်းငယ် ပြန်လည် ကျဆင်းလာခဲ့တာပါ။

ဒါပေမယ့်လည်း ထင်သလောက် ဈေးနှုန်းမကျသေးဘဲ ပြည်တွင်းဈေးကွက်အတွင်းမှာလည်း ရွှေဝယ်ယူစုဆောင်းသူ နည်းပါးလာတဲ့အတွက် ဝယ်လိုအားနည်းနေပြီး ရောင်းလိုသူသာများနေတာကြောင့် ဈေးနှုန်းတွေကတော့ ကျဆင်းလာခဲ့တာဖြစ်ပေမယ့် လက်ရှိပေါက်ဈေးမှာပဲ ငြိမ်နေဦးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ လက်ရှိပေါက်ဈေး (၂၇) သိန်းဝန်ကျင်နဲ့ ဈေးနှုန်းအမြင့်တန်းမှာပဲ ဆက်လက်တည်ငြိမ်နိုင်ဦးမှာ ဖြစ်သလို ဒေါ်လာဈေးတွေ အခုထက်ပိုမို ကျဆင်းလာမှသာ ရွှေဈေးဆက်လက် ကျဆင်းနိုင်မယ်လို့လည်း သုံးသပ်တာပါ။

စစ်ကောင်စီကတော့ ရွှေဈေးနှုန်း ပြန်လည် ကျဆင်း စေဖို့အတွက် ရွှေဒင်္ဂါတွေကို တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား ဆိုပြီး (၃)မျိုး ရောင်းချ ပေးနေပေမယ့် အပြင်ပေါက်ဈေး အတိုင်း ရောင်းချနေသလို နေပြည်တော် တစ်ခုထဲမှာသာ ရောင်းချ ပေးနေတာကြောင့် ရွှေဈေးနှုန်း ထင်သလောက် ကျဆင်းတာ မရှိဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်က ဒေါ်လာ ဈေးနှုန်း အဆမတန် မြင့်တက် လာမှုနဲ့ အတူ မီးလင်း အခေါက်ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်(၃၅)သိန်း ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့ဖူးတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာတော့ ရွှေဈေးနှုန်ဟာ စစ်ကောင်စီ အာဏာမသိမ်းခင် NLD အစိုးရ လက်ထက်က မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၁၃)သိန်း ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်း (၃)ဆ နီးပါးထိ မြင့်တက်ခဲ့သလို ဈေးနှုန်း မတည်ငြိမ်မှုတွေကလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.