မော်လမြိုင်၊ စက်တင်ဘာ (၂၃)

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ UEFA Nations လိဂ် (A) အဆင့်ပြိုင်ပွဲမှာ နယ်သာလန်နဲ့ ခရိုအေးရှားအသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တက်ရောက်ဖို့ ပိုမိုနီးစပ်လာခဲ့တာပါ။

ခရိုအေးရှားအသင်းဟာ အုပ်စုအတွင်း ပြိုင်ဘက်ဖြစ်တဲ့ ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

ခရိုအေးရှားအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၄၉ မိနစ်မှာ ဆိုဆာ ၊ ပွဲချိန် ၇၉ မိနစ်မှာ မာဂျာတို့က သွင်းယူပေးခဲ့တာပါ။

ဒီပွဲအနိုင်ရလဒ်ကြောင့် ခရိုအေးရှားအသင်းဟာ အုပ်စုဗိုလ်အဖြစ် ရပ်တည်ခွင့်ရရှိခဲ့တာ ဖြစ်ပြီး အုပ်စု နောက်ဆုံးပွဲစဉ်မှာ သြစတြီးယားအသင်းကို အနိုင်ရပါက အကြိုဗိုလ်လုပွဲကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

နယ်သာလန်အသင်းကလည်း ပြိုင်ဘက် ပိုလန်အသင်းကို ၂ ဂိုး ဂိုး မရှိနဲ့ ရလဒ်နဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့တာပါ။

ဒါကြောင့် နယ်သာလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘယ်ဂျီယံအသင်းကို သရေကျယုံနဲ့ အကြိုဗိုလ်ပွဲအဆင့်သို့ တက်ရောက်သွားမှာ ဖြစ်ပါတယ်။

UEFA Nations လိဂ် (A) အဆင့်ပြိုင်ပွဲမှာတော့ အုပ်စု ၄ ခွဲထားပြီး အုပ်စုအတွင်း အုပ်စုဗိုလ်ဖြစ်တဲ့ အသင်းက အကြိုဗိုလ်ပွဲကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ UEFA Nations လိဂ် (A) အဆင့်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ပြင်သစ်အသင်းက ဆွတ်ခူးရရှိထားတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.