မော်လမြိုင် – စက်တင်ဘာ(၂၂)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူနေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာအပြင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ကလေးငယ် (၃၅၀) လောက် သေဆုံးထားပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ကလေးငယ်တွေလည်းရှိနေတယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက် ခဲ့မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာပါ။

စစ်ကောင်စီက စာသင်ကျောင်းတွေကို လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် မြန်မာ နိုင်ငံက ကလေးသူငယ်တွေကို သတ်ဖြတ်နေမှုတွေ၊ အကြမ်းဖက်မှုတွေက အချိန်မီကာကွယ်ပေးဖို့ နဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီအပြစ်ပေး အရေးယူနိုင်ဖို့ နိုင်ငံတကာအစိုးရ၊အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ထဲမှာ ကလေးငယ် ၁၅၀၀ ဦးမှာ မတရားဖမ်းဆီးခံထားရပြီး အာဏာ ရှင်ကို ဆန့်ကျင်နေတဲ့ မိဘတွေကို ဖိအားပေးဖို့အတွက် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ (၆၅) ဦးနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ် (၁၄၀၀၀) ကျော်ရှိနေပြီး အဲ့ဒီထဲက ကလေးငယ် ထက် ဝက်ကျော်ဟာပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်လို့ CRPH ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က ဒီပဲယင်းမြို့နယ်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းအတွင်းမှာရှိတဲ့ ကလေးငယ် (၆)ဦး အပါအဝင် ဒေသခံ (၁၃) ဦးသေဆုံးခဲ့ပြီး ဆရာမနဲ့ ကလေးငယ် (၂၀) လောက်ကို လည်းစစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.