မော်လမြိုင်၊ စက်တင်ဘာ (၂၃)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်လာတာ၊ အခြေခံ စားသောက်ကုန် ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့အတူ ဝင်ငွေနဲ့ ထွက်ငွေ မမျှတော့တဲ့အတွက် မိသားစု စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ အငှားယာဉ်လုပ်သားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် ယာဉ်မောင်းတွေမှာ အမြတ်မကျန်တော့သလို ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံနေရပြီး တဖက်မှာလည်း ယာဉ်စီးခတိုးလာတဲ့အတွက် ငှားရမ်းစီးနင်းသူတွေ နည်းပါးသွားလို့ ဝင်ငွေလျော့ကျလာတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

အခုလို အခြေအနေမှာ အခြေခံ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့ အတွက် ရရှိနေတဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတော့ဘဲ လတ်တလော စားဝတ်နေရေး ပြဿနာတွေ ပြေလည်စေဖို့ အတိုးတွေနဲ့ ချေးငှားစားသောက်နေရတဲ့ အခြေအနေတွေထိ ဖြစ်လာနေတယ်လို့ သုံးဘီး ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

“တစ်နေ့ တစ်နေ့ မမောင်းရဘူး ဆီကလည်း အခု ဈေးက ပြန်မကျ၊ အခု အခြေအနေ ပိုဆိုးနေတယ် အဲ့လိုပုံစံပေါ့၊ အဆင်မပြေတာတော့ ဒီအချိန် ကုန်ဈေးနှုန်းတက်။ အခုဆို တစ်နေ့ကို တစ်သောင်းတောင် ဝင်ဖို့ ဆိုတောင် ခပ်ရှားရှား၊ ကုန်ဈေးနှုန်းက တက်တော့ ဒီနေ့ တစ်သောင်းရရင် ဆီဖိုးက (၆၀၀၀)လောက်ထည့် မနက်စာနဲ့ နေ့လည်စာနဲ့ (၄၀၀၀) အိမ်မှာ ဘာမှမကျန်ဘူး။ တစ်နေကုန် နေပူထဲမှာ နေပြီးတော့ အချိန်တွေကုန် အဲ့လို ပုံစံလောက်ပါဘဲ။ ကျွန်တော်တို့ ဂိတ်မှာ ဆိုရင် အိမ်ထောင်သည်တွေ အများအပြား ရှိတာကို သူတို့ ကျတော့လည်း ဟိုက အတိုးယူ ဒီက အတိုးယူ အတိုးပေါ် အတိုးဆင့်တွေ အဲ့လို ဖြစ်သွားကြတာပေါ့။ တစ်နေကုန် မမောင်းရဘူး ဆိုရင် သူတို့ခမျာ အိမ်က သားသမီးတွေ အတွက် အခု ကုန်ဈေးနှုန်း တက်ရင် ကုန်ဈေးနှုန်း အတွက် သူတို့တွေက ပိုဆိုးတာပေါ့ ကိုယ်တွေထက်ဆိုရင်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေကြောင့် သုံးဘီးယာဉ်မောင်းတွေဟာ အရင်လို ညဘက်အချိန်တွေမှာလည်း အချိန်ပိုထွက်ဆွဲခွင့်မရှိတော့သလို လုံခြုံမှုမရှိတော့တဲ့အတွက် ဝေးလံ တဲ့လမ်းကြောင်းတွေကို လိုက်ပါလို့ မရတဲ့ အချက်ကလည်း ဝင်ငွေကိုလျော့ကျစေတဲ့ အချက်တစ်ချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အငှားယာဉ်မောင်းတွေဟာ အာဏာမသိမ်းခင်က ရရှိခဲ့တဲ့ ဝင်ငွေထက် ထက်ဝက်နီးပါး လျော့ ကျလာပြီး ပုံမှန်ဝင်ငွေရနိုင်ဖို့ကိုတောင် လျော့ဈေးတွေနဲ့ လိုက်ပါနေရတယ်လို့ အငှားယာဉ်မောင်းတစ်ဦးကလည်း အခုလိုပဲ ပြောပါတယ်။

“ကျွန်တော်တို့ အရင်က ဆိုရင် ပိုက်ဆံ (၂၅၀၀၀) (၃၀၀၀၀) ရတဲ့ လူဟာ အခုဆိုရင် ပိုက်ဆံ (၁၅၀၀၀)လောက်ပဲ ရတော့တယ်၊ ပိုက်ဆံ (၁၅၀၀၀)ဆိုတော့ သုံးဘီးယာဉ်ထဲကို ထည့်မယ့် ဆီဖိုးနဲ့ ဒီအိမ်ကို ပေးရမယ့် ဈေးဖိုးနဲ့ ဆိုတော့ မကာမိတော့ဘူး။ မကာမိတော့ ကျွန်တော်တို့ ဘယ်လို လုပ်ရလည်း ဆိုတော့ အချိန်ပိုတွေ ပိုမောင်းရတာတို့၊ ပြီးလို့ရှိရင် လျော့ဈေးနဲ့ သွားရတာတို့။ အဲ့လိုမျိုးတွေ ပွင့်ပွင့်လင်းလင်း ပြောရရင် လျော့ပြီးတော့ ယူပြီးတော့ မောင်းရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ အဲ့ဒီက ရတဲ့ ပိုက်ဆံနဲ့ပဲ ပိုတဲ့ ဟာလေးနဲ့ပဲ ကျွန်တော်တို့ မိသားစု အတွက် စားဝတ်နေရေး အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အတွက် နည်းနည်း ဖြေရှင်းလို့ ရတယ်။ ကိုက်လို့ လုပ်နေတာတော့ မဟုတ်ဘူး။ မကိုက်ဘူး၊ မကိုက် ပေမယ့်လည်း ကိုယ့်လုပ်ငန်းလေးဟာ ဘယ်လိုပဲ ဖြစ်ဖြစ် နေ့စဉ် ဝင်ငွေလေး ရနေတယ် ဆိုတဲ့ အနေအထားမှာ လျော့ဈေးနဲ့ သွားပြီးတော့ အလုပ်လုပ် နေရတယ်၊ အဲ့ဒါနဲ့ ဖြေရှင်း နေရတယ်”လို့ ဆိုပါတယ်။

အချို့သောယာဉ်မောင်းတွေက စစ်တပ် အာဏာသိမ်းမှုဒဏ်ကို တောင့်မခံနိုင်တော့တဲ့အတွက် သုံးဘီးယာဉ်တွေ ရောင်းချပြီး လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာနေသူတွေ ရှိလာနေတာပါ။

အငှားယာဉ်မောင်းသူတွေ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စက်သုံးဆီ ဈေးနှုန်း (၄)ဆ နီးပါး မြင့်တက်လာတာ၊ အခြေခံ စားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို အလူးအလဲ ခံစားနေရတာပါ။

မွန်ပြည်နယ်မှာတော့ သုံးဘီးယာဉ်မောင်းတွေအပါအဝင် အငှားယာဉ်မောင်းသူ ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပြီး လက်ရှိမှာတော့ အဲဒီလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မိသားစုတွေဟာ စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.