ရန်ကုန်၊ စက်တင်ဘာ (၂၃)

မိုလ်ဘိုင်းငွေပေးချေမှုတစ်ခုဖြစ်တဲ့ KBZ Pay အသုံးပြုသူတွေရဲ့အကောင့်တွေ အခုရက်ပိုင်းအတွင်း အပိတ်ခံရတာတွေ ရှိနေတာကြောင့် သုံးစွဲသူတွေဟာ အကောင့်ထဲမှာ ပိုက်ဆံမထားရဲတော့တဲ့အထိ ယုံကြည်မှု ကျဆင်းလာပြီး ငွေသားအဖြစ် ပြောင်းထုတ်လာကြတယ်လို့ KBZ Pay အသုံးပြုသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး ပြည်တွင်းရှိ KBZ Pay အကောင့် အပိတ်ခံရတာတွေ ရှိလာတယ်လို့ အပိတ်ခံထားရတဲ့သူတွေကိုယ်တိုင် လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးပြောဆိုလာခဲ့တာပါ။

လက်ရှိမှာ KBZ Pay အသုံးပြုသူတွေဟာ အကောင့်အပိတ်ခံရမှာ စိုးရိမ်တဲ့အတွက် အကောင့်ထဲရှိ ငွေကြေးတွေကို ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ပေးပြီး ငွေသားအဖြစ် ထုတ်လာကြသလို မိုလ်ဘိုင်းဘဏ်အကောင့်ကနေ လွှဲပြောင်းတာတွေလည်း လုပ်ဆောင်လာကြတယ်လို့ သုံးစွဲသူတွေက ဆိုကြပါတယ်။

KBZ Pay သုံးစွဲသူတစ်ဦးကတော့ မိုလ်ဘိုင်းငွေကြေးအကောင့် အပိတ်ခံရမှာ စိုးတဲ့အတွက်အကောင့်ထဲမှာရှိတဲ့ ငွေသားတွေ လွှဲပြောင်း အသုံးပြုတာတွေ လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။

“အစ်မတို့လည်း လောလောဆယ် ပိုက်ဆံကို (K Pay) ဒီထဲ မထားရဲတော့ဘူး။ပစ္စည်းတွေကို ရှင်းတဲ့အခါမှာ K Pay နဲ့ ရှင်းလို့ရသလောက် ရှင်းတယ်၊ အကောင့်ထဲမှာ မထားတော့ဘူး။သုံးလို့ရသမျှ အကုန်သုံးလိုက်တယ်။ ဒါကတော့ လတ်တလောအနေအထားမှာတော့ အဲဒီအတိုင်း သွားလိုက်မယ်။လောလောဆယ်ကတော့ သုံးစွဲမှုက လုံဝလျော့သွားမယ်၊ ထက်ဝက်မက လျော့သွားမယ်လို့ ထင်တယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်ကနေ Wave Money ၊ KBZ Pay စတဲ့ မိုင်ဘိုင်းငွေပေးချေမှု အကောင့်တွေမှာ Level 2 အဆင့်မြှင့်တင်ထားတာ မရှိဘဲ ကိုယ်ရေးအချက်အလက် မပြည့်စုံတဲ့ အကောင့်တွေကို အပြီးပိတ်သိမ်းမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ နေ့က ကြေညာထားတာပါ။

ဒါပေမယ့် တစ်ချို့သော KBZ Pay အကောင့်သုံးစွဲသူတွေမှာ အဆင့်မြှင့်တင်ထားသလို အချက်အလက်တွေလည်း မှန်မှန်ကန်ကန် ဖြည့်သွင်းခဲ့ပေမယ့် အကောင့်တွေ အပိတ်ခံနေရတာလို့ ငွေကြေးအကောင့် အပိတ်ခံရသူတွေက ဆိုပါတယ်။

အပိတ်ခံရတဲ့ အကောင့်အများစုဟာ Level 2 ဖြစ်သလို အကောင့်ထဲမှာ အနည်းဆုံး ကျပ်သောင်းဂဏန်းကနေ သိန်းဆယ်ဂဏန်းအထိ ရှိပြီး ငွေသွင်း၊ငွေထုတ် အလွှဲအပြောင်းတွေ မကြာခဏ လုပ်ဆောင်ကြတဲ့ အကောင့်တွေ အများဆုံး အပိတ်ခံနေရတာပါ။

အွန်လိုင်းရှော့ပင်းလုပ်ဆောင်နေသူ တစ်ဦးကလည်း အရောင်းအဝယ်အတွက် ငွေပေးချေတဲ့အခါ KBZ Pay နဲ့ လက်ခံနေရတဲ့အတွက် နောက်ပိုင်းမှာ ပိုက်ဆံထုတ်မရတော့မှာကို ကြောက်နေရတယ်လို့ ပြောပါတယ်။

“အဲဒီထဲမှာ ပိုက်ဆံတွေ အရမ်းကြီးထည့်ထားတာ မရှိတော့ ထုတ်လိုက်ရင် သုံးတာမြန်တယ်ဆိုတော့ ဒါပေမယ့် နောက်ပိုင်းတွေကျတော့ အဆင်မပြေဘူး။ K Pay လက်ခံဖို့ကျတော့ ပိုက်ဆံကျတော့လည်း K Payနဲ့ လက်ခံဖို့ ကြောက်နေရတာပေါ့၊ ပြန်ထုတ်လို့ မရမှာတွေ ဘာတွေနဲ့ လိုင်းကျသွားလို့ ပိုက်ဆံတွေ ဆုံးသွားမှာလည်း ကြောက်နေရတာပေါ့” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ တစ်ချို့သော ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ မိုလ်ဘိုင်းငွေပေးချေမှုတွေကို လက်မခံတော့ဘဲ ငွေသားနဲ့သာ တိုက်ရိုက်ပေးချေမှုတွေကို ပြောင်းလဲကျင့်သုံးလာနေကြပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူတွေရဲ့ ငွေရေးကြေးရေးနဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံမှုတွေနဲ့ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တစ်ဖက်မှာလည်း တစ်ချို့ KBZ Pay အေးဂျင့်တွေဟာ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုတွေကို ယာယီရပ်နားလာကြတာရှိသလို လက်ခံထုတ်ပေးနေတဲ့ အေးဂျင့်တွေမှာတော့ အကောင့်ထဲက ငွေတွေကို စိတ်ချရတဲ့ ဘဏ်တွေမှာ လွှဲပြောင်းထားရတယ်လို့ ဆိုပါတယ်။

KBZ Pay ကတော့ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ အကောင့်တွေကို မှားယွင်းစွာ ယာယီအသုံးပြုခွင့် တားမြစ်ခံထားရတယ်လို့ ယုံကြည်ရင် ဗဟိုဘဏ် အီးမေးလ်ပို့ပြီး အကျိုးအကြောင်းတင်ပြနိုင်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်အရ KBZ Pay အကောင့်တချို့ကို ယာယီ အသုံးပြုခွင့် တားမြစ်ထားပြီး အသုံးပြုသူတွေရဲ့ စိုးရိမ်မှုအပေါ် အနူးအညွတ် တောင်းပန်တယ်လို့ KBZ Pay က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.