ညောင်လေးပင်ခရိုင်၊ စက်တင်ဘာ (၂၃)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်တာတွေ၊ ရိက္ခာချပေးတာတွေပြုလုပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ ထိုးစစ်ဆင်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေအတွက် တောင်ငူလေတပ်စခန်းကနေ ရဟတ်ယာဉ်နှစ်စင်းနဲ့ ရိက္ခာတွေ လာရောက်ပစ်ချပေးခဲ့တာရှိသလို လေယာဉ်နဲ့ ထောက်လှမ်းတာတွေပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ကျောက်ကြီးမြို့ထဲကို စစ်ကောင်စီတပ်က လေယာဉ်နှစ်စင်းနဲ့ လာရောက်ထောက်လှမ်းခဲ့ပြီးနောက် ဃိုးလူကျေးရွာထဲကို လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၇)ရက်နဲ့ (၁၄)ရက်နေ့တွေမှာလည်း ထိုးစစ်ဆင်ဖို့အတွက် ဘောကထာစခန်းဘက်ကို စစ်ကောင်စီတပ်အင်အား(၂၀၀)ခန့် ထပ်မံအင်အားဖြည့်ဆည်းတာတွေလုပ်ဆောင်ခဲ့ပြီး KNU ကျောက်ကြီးမြို့နယ်ထဲကိုလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာပါ။

KNU ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်နေ့က စစ်ကောင်စီတပ်က စတင်ထိုးစစ်ဆင်တဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်တို့နဲ့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ KNU ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ဒေသခံအရပ်သားပြည်သူ(၁)သိန်းနီးပါးဟာ အိုးအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကိုတိမ်းရှောင်နေရကာ လူသားချင်းအကူအညီတွေ လိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.