ကျိုက်ထို၊ စက်တင်ဘာ (၂၃)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ၊ ချောစုဆီဆိုင်အနီးမှာ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်ဆုံး ၂ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF နဲ့ KRF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီးနောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကားတစ်စီး ထိမှန်ပျက်စီးခဲ့သလို အနည်ဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)ကတော့ ကြားဖြတ်တိုက်ခိုက်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာနိုင်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင် သုသာန်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်္ဂဘိုကျေးရွာ ခိုင်ရွှေစိမ်းကျွဲကော်ခြံထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အလုပ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဓါတ်မီးတိုင်တချို့လည်း ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျိုက်ထိုမြို့နယ်အဝင်မှာ စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေ စစ်ဆေးနေသလို ဒေသခံတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.