အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မန္တလေး ချမ်းအေးသာစံမြို့နယ် NLD ရုံးရှေ့၌ NLD ပါတီဝင်များက NUG CRPHနှင့်PDFတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော် “ ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ(၂၁)ရက်နေ့မှာ စတင် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့Myanmar Informer,ရန်ငြိမ်းအောင်,People media စတဲ့ လူမှုကွန်ရက်တွေနဲ့Telegramအကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် NLD ရုံးရှေ့မှာ NLD ပါတီဝင်တွေက NUG, CRPHနှင့်PDF တို့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ဆိုတဲ့ ခေါင်းစဥ်နှင့်အတူ အနီရောင်ဝတ်စုံနဲ့ လူတစ်စု ဆန္ဒဖော်ထုတ်နေတဲ့ ဓာတ်ပုံတွေကို ရေးသားဖြန့်ဝေခဲ့ကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3f90155https://bit.ly/3UqIbdP

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စိစစ်ကြည့်ရာမှာတော့ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့်မှုသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး The Irrawaddy Burmese သတင်းဌာနက ဆန္ဒဖော်ထုတ်သူတွေဟာ NLD ပါတီဝင်တွေ မဟုတ်ဘဲ NLD ပါတီပုံရိပ်ကျဆင်းစေရန် ဖန်တီးထားတဲ့ ဆန္ဒပြမှုသာဖြစ်ကြောင်း မြို့ခံ NLD အသိုင်းအဝိုင်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရေးသားဖော်ပြခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ခဲ့သည့်နေရာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်းနှင့် မြို့ပတ်လမ်းအနီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ရုံးတစ်ခု ဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ NLD ပါတီအဖွဲ့ဝင်နှင့်ထောက်ခံသူ (၁၀)ဦးအထက်မှာလည်း စစ်တပ်ထောက်ခံသူတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံထားရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ အန္တာရယ်ကနေ ကင်းလွတ်အောင် မန္တလေးမြို့ခံ ပါတီဝင်တွေနဲ့ခေါင်းဆောင်တွေက ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်တွေမှာလည်း ပါတီနှင့်သက်ဆိုင်တဲ့ အထောက်အထားတွေမရှိအောင် ဖျက်ဆီးထားကြရတာ ဖြစ်ပါတယ်။

အဲ့ဒီလို အခြေအနေမှာ NLD ပါတီဝတ်စုံ ဝတ်ဆင်ပြီး အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်တယ်ဆိုတာဟာ ရယ်စရာကောင်းတယ်လို့ မြို့ခံအသိုင်းအဝိုင်းက The Irrawaddy Burmese သတင်းဌာနထံ မှတ်ချက်ပေးခဲ့ပါတယ်။

The Irrawaddy Burmese Edition သတင်းဌာန ဖော်ပြမှု

https://bit.ly/3BVQ1Fe

Mandalay Free Press သတင်းဌာန ဖော်ပြမှု

https://bit.ly/3Bwd7kl

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” မန္တလေး ချမ်းအေးသာစံမြို့နယ် NLD ရုံးရှေ့၌ NLD ပါတီဝင်များက NUG CRPHနှင့်PDF တို့၏အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်”ဆိုတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့်သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ်မှ စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.