ရေး၊ စက်တင်ဘာ (၂၂)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ လမိုင်း-ကော့ဒွတ်ကျေးရွာသွားကားလမ်းမပေါ်မှာ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီ နယ်ထိန်းရဲ တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လမိုင်းမြို့ရဲစခန်းက နယ်ထိန်းရဲ အောင်ကျော်မင်းဟာ လမိုင်း-ကော့ဒွတ်သွားလမ်းဘေးက တာယာပြင်ဆိုင်မှာ ကားပြင်နေချိန် ရေးဘီးလူးအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် နယ်ထိန်းရဲ အောင်ကျော်မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ နယ်ထိန်းရဲ အောင်ကျော်မင်းရဲ့ အလောင်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမိုင်းဆေးရုံကို လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟ လမိုင်းမြို့အဝင်အထွက် နေရာတွေအပြင် လမိုင်း-ကော့ဒွတ်သွားကားလမ်းမပေါ်မှာ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ကတော့ လမိုင်းမြို့ရဲစခန်းက နယ်ထိန်းရဲတစ်ဦးအား ပစ်သတ်မှုဟာ ပြီးခဲ့တဲ့လတုန်းက လမိုင်းမြို့ရှိ ပရဟိတသမား လူငယ် တစ်ဦးကို လမိုင်းရဲစခန်းက သတ်ဖြတ်ခဲ့တဲ့အမှုအတွက် လက်စားချေတာလို့ ထုတ်ပြန်ထားပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အမြန်ဆုံး နှုတ်ထွက်ကြဖို့ ထပ်မံ သတိပေးတာပါ။

ရေးမြို့နယ်ထဲမှာတော့ ရေးဘီးလူးအဖွဲ့ဟာ စစ်ကောင်စီဂိတ်စခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ သတင်းပေးဒလန်ဆိုသူတွေကို မကြာခဏဆိုသလို ပစ်ခတ် ရှင်းလင်းတာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.