မော်လမြိုင်၊ စက်တင်ဘာ (၂၂)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့နေအိမ်တွေ၊ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ နေအိမ်တွေအပါအဝင် ဒေသခံ နေအိမ်ပေါင်း ၈၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေကတော့ သထုံခရိုင်မှာ နေအိမ် အလုံး ၄၀ ကျော်၊ မော်လမြိုင်ခရိုင်မှာ နေအိမ်အလုံး ၄၀ လုံးကျော် ပါဝင်ပါတယ်။နေအိမ်ချိပ်ပိတ်ခံထားရတဲ့သူတွေထဲက တချို့သူတွေဟာ နေအိမ်အပါအဝင် ဈေးဆိုင်နဲ့အခြားပိုင်ဆိုင်မှု အဆောက်အဦတချို့ ကိုလည်း ထပ်မံချိပ်ပိတ်ခံထားရပါတယ်။

အချို့ကတော့ နေအိမ်မပါဘဲ စီးပွားရေးဆိုင်ရာ အဆောက်အဦးအချို့ကို ချိပ်ပိတ်တာဖြစ်ပါတယ်။ဒါဟာ စစ်တပ်အာဏာသိမ်းပြီး ၁၉ လအတွင်း မွန်ပြည်နယ်အတွင်း NLD ပါတီဝင်တွေ၊ ပါတီနဲ့ဆက်နွယ်နေသူတွေ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ ပြည်သူ့ကာကွယ်ရေးတပ် PDF စတဲ့ အဖွဲ့စည်းတွေနဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ချိပ်ပိတ်ခဲ့တာပါ။

နေအိမ်ချိပ်ပိတ် ခံထားရတဲ့သူ အများစုက အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှုစတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့သူတွေလည်း ပါဝင်သလို မည်သည့်ပုဒ်မနဲ့မျှ အမှုဖွင့်ခံထားရခြင်းမရှိတဲ့သူတွေလည်း ပါဝင်နေပါတယ်။

ဒီအချက်အလက်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သံလွင်တိုင်းမ်သတင်းဌာနမှ ပြုစုထားတဲ့ မှတ်တမ်းတွေဖြစ်ပြီး တကယ့်မြေပြင်မှာ ယခုထက်ပိုမိုများပြားနိုင်သလို နေရာဒေသကွဲလွဲမှုတွေလည်း ရှိနိုင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင်၊ NLD ပါတီဝင် ၁၅၅ ဦးရဲ့ နေအိမ်နဲ့ အခြားပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့ပါတယ်။

ဒါ့အပြင် ပါတီဝင်မဟုတ်တဲ့ ပြည်သူတွေရဲ့ နေအိမ် ၁၁၅ လုံးကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီက စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.