မြိတ်၊ စက်တင်ဘာ၊ ၂၂

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံပြီးနောက် မြို့အနှံ့မှာ လုံခြုံရေးပိုမိုတင်းကျပ်ထားတာကြောင့် ပြည်သူတွေ သွား‌ရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်လေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရတာနဲ့ မိုင်းဆွဲခံရတဲ့ဖြစ်စဉ်တွေ ဒီလထဲမှာ မကြာခဏ ဖြစ်နေတာပါ။

အဲဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အများပြားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဒါကြောင့် ပုလော၊ ကျွန်းစု၊ မြိတ်၊ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီဘက်က လုံခြုရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ မြိတ်မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နေရာတိုင်းမှာ အဖွဲ့စုံနဲ့ စစ်ဆေးနေတာ၊ နေ့တိုင်းလိုလိုပဲ၊ ဟိုတနေ့ကဆိုရင် ကျွန်တော်က ဘာမှမဆိုင်ဘူး၊ အလုပ်သွားရင်းနဲ့ သူတို့နဲ့တိုးတော့ ဟိုမေးဒီမေးလုပ်ပြီး မပေးသွားဘူး၊ ဒီအတိုင်းစောင့်ခိုင်းနေတာ၊ ကျွန်တော့်အရှေ့က အကို တစ်ယောက်ဆိုရင်လည်း ဖုန်းစစ်ပြီး သူတို့ဖမ်းခေါ်သွားတာပဲ အခုလထဲမှာဆိုရင် ကြားသလောက် လူ ၁၀ ယောက်ကျော်လောက် အကြောင်းမဲ့ လမ်းမှာဖမ်းသွားတယ်” လို့ သူက ပြောပါတယ်။

အကြောင်းပြချက်မရှိ ဖမ်းဆီးခံရတဲ့သူတွေထံက စစ်ကောင်စီလက်အောက်ခံပူးပေါင်း အဖွဲ့တွေ ငွေကြေးတောင်းခံပြီး ပြန်လွတ်ပေးတာမျိုးရှိသလို တချို့ကိုတော့ ပြန်လွှတ်ပေးခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေ လုပ်ငန်းခွင်သွားလာရာမှာ အခက်အခဲကြုံနေရပြီး ရေရှည်မှာ အခက်ကြုံလာနိုင်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီလိုစစ်ဆေး ဖမ်းဆီးနေတော့ အလုပ်သွားဖို့က အဆင်မပြေနေဘူး၊ အခန့်မသင့်ရင် မသင့်သလို ဖမ်းတယ်၊ ပိုက်ဆံတောင်းနေတော့ အဆင်မပြေဘူးလေ၊ ရေရှည်ဆို စားဝမ်းနေရေးထိခိုက်လာနေပြီ” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ညဘက်အချိန်မတော် ဧည့်စာရင်းဝင်ရောက် စစ်ဆေးတာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ နေအိမ်တွေ တက်ကြွ လှုပ်ရှားသူတွေ ပုန်းရှောင်နေတဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေမှုတွေလည်း ပိုမိုလုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.