တိုကျို – စက်တင်ဘာ(၂၁)

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ဖြိုခွင့်ဖမ်းဆီးသတ်ဖြတ်နေတဲ့အတွက် မြန်မာစစ်တပ် အဖွဲ့ဝင်ကျောင်းသားလက်ခံတာကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာလဲ မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေကို ကျောင်းသားအဖြစ်လက်ခံထားနေတာပါ။

မြန်မာဒီမိုကရေစီအရေးကို ထောက်ခံတဲ့ ဂျပန်လွှတ်တော်အမတ်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်ခံတာကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုကီတာကီရှီက ဝန်ကြီးဌာနအနေနဲ့ လာမယ့်နှစ်ဧပြီလမှာ စတင်မယ့် ၂၀၂၃ ဘဏ္ဍာနှစ်ကစပြီး မြန်မာစစ်တပ်အဖွဲ့ဝင်တွေ လက်ခံတာကို ရပ်တန့်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို သတ်ဖြတ်တာတွေမလုပ်ဖို့ ဂျပန်နိုင်ငံ ကတောင်းဆိုခဲ့ပေမယ့် စစ်ခေါင်းဆောင်တွေက လျစ်လျူရှုခဲ့တဲ့အတွက် မြန်မာစစ်တပ်နဲ့အတူ ကာကွယ်ရေးလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

လက်ရှိဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီမှာ တက်ရောက်နေဆဲဖြစ်တဲ့ မြန်မာစစ်ဘက် အရာရှိ(၁၁) ဦးကိုတော့ သင်ရိုးတွေပြီးမြောက်တဲ့အထိ သင်ကြားခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: NHK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.