ရန်ကုန်၊ စက်တင်ဘာ(၂၂)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို အားပေးထောက်ခံရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုမှုဟာ နိုင်ငံရေး၊စစ်ရေး ရှံးနိမ့်မှုကို ပြသနေတာ ဖြစ်ပြီး လူထုကို အကြောက်တရားသွင်းပြီး အုပ်ချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်တယ်လို့ ဒီမိုကရေစီအရေး လုပ်ဆောင်နေသူတွေက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ၊ CRPHနဲ့ PDF တွေကို အားပေးထောက်ခံယုံနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လူမှုကွန်ရက် Facebook စာမျက်နှာတွေကနေ NUG၊ CRPH၊ PDF တွေရဲ့ ဆက်စပ်တဲ့ ပိုစ့်တွေကို အားပေးထောက်ခံသူတွေက စာ၊ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Like ပေးတာ ၊ မျှဝေတာနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ -ခ (ခ) နဲ့ ငြိစွန်းနိုင်တယ်လို့ ခြိမ်းခြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ အခုလို ပြောဆိုမှုဟာ ပြည်သူလူထုကို အကြောက်တရားသွင်းပြီး ကန့်သတ်ပိတ်ပင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“လှူရင် ဖြစ်ဖြစ် ၊ (ပို့စ်တွေကို) Like and Share လုပ်တာဖြစ်ဖြစ် ဖမ်းမယ်ဆိုတာ ပြည်သူတွေကို အကြောက်တရားသွင်းတဲ့ သဘောမျိုးပါ။ပြီးတော့ အကြောက်တရားကို အသက်သွင်းတာလည်း ဖြစ်သလို သူတို့အနေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ပြောလို့ရတယ်။ဒီအရေးတော်ပုံကို သူတို့အနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း ကြောက်နေပြီလို့ ပြောလို့ ရတယ်။ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ အရေးတော်ပုံက ၇၀ ရာခိုင်နှုန်းလောက် တော်တော်လေး ထိရောက်ပြီး အောင်မြင်နေတယ်လို့ ပြောလို့ရပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ ဝန်ထမ်းတွေကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ဖို့ လှုံဆော်တာနဲ့ PDF တွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ရင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အရေးယူမယ်လို့ ပြောဆိုလာတာပါ။

ဒါ့အပြင် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ပေးတာ၊ အားပေးကူညီတာနဲ့ အဲဒီအဖွဲ့အစည်းကနေ ရောင်းချတဲ့ ငွေတိုက်စာချုပ်ဝယ်ယူတာ၊ ထီကံစမ်းတာ၊ အွန်လိုင်းကနေ ငွေကြေးထည့်ဝင်တာ စတဲ့ တစ်နည်းနည်းနဲ့ ငွေကြေးထောက်ပံ့တာတွေအတွက် အရေးယူချမှတ်နိုင်တဲ့ ပြစ်ဒဏ် ငါးခုကိုလည်း ထုတ်ပြောခဲ့ပါသေးတယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ လက်ရှိအခြေအနေဟာ နိုင်ငံရေးအားပြိုင်မှုနဲ့အတူ စစ်ရေးအားပြိုင်မှုတွေ ပြင်းထန်နေတာကြောင့် စစ်ကောင်စီအနေနဲ့ ကြီးမားတဲ့ ဖိအားဖြစ်လာတဲ့အတွက် အခုလိုကန့်သတ်တာလို့ သုံးသပ်ပါတယ်။

“ဒီနေ့ကာလကျတော့ NUG နဲ့ PDF ရဲ့ စစ်ရေးတည်ဆောက်မှုနဲ့ စစ်ရေးလှုပ်ရှားမှုက စစ်ကောင်စီအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတယ်။ ကြီးမားတဲ့ ဖိအားတစ်ခု ဖြစ်လာတဲ့အခါမှာ နိုင်ငံသားတွေက ဆက်နွှယ်ပြီးတော့ သတင်းပေးတာမျိုး၊ အားပေးထောက်ခံတာမျိုး မဖြစ်အောင်လို့ ပိတ်ပင်ကန့်သတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလို သတင်းစာရှင်းလင်းပွဲကနေ အသိပေးလာတဲ့အတွက် အရေးယူမှုတွေ ပိုပြီး ကျယ်ပြန့်ပြင်းထန်လာနိုင်တာမို့ ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်တွေကို အသုံးပြုတဲ့အခါ သတိကြီးကြီးထားဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ မြို့ပေါ်လူထုတွေကို ဖမ်းဆီးတာ၊ ဥပဒေထုတ် ချုပ်ချယ်တာတွေအပြင် အချို့ဒေသတွေမှာလည်း နေအိမ်အဆောက်အအုံတွေကို မီးရှို့တာ၊ သတ်ဖြတ်တာတွေဟာ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတာဖြစ်တာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Generation Wave အဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ “အခုလက်ရှိ သူပြောခဲ့တဲ့ (ဗိုလ်ချုပ်ဇော်မင်းထွန်း) ပြောသွားတဲ့ စကားအပေါ်မှာ အခြေခံပြီး ပြောရရင် နောက်ဆုံး ပြောင်ပြောင်တင်းတင်း ထုတ်ပြောရတဲ့ အခြေအနေဖြစ်လာတာပဲပေါ့။အခုမှပြောတာပဲ ပြောပြော မပြောပြော မထူးဘူး။အရှေ့ရှေ့မှာလည်း ကျူးလွန်ခံခဲ့ရတာတွေ ရှိတယ်။ လက်ရှိမှာလည်း သူတို့ သည် ကျူးလွန်နေဆဲ ဖြစ်တယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ အတိုက်ခံတွေကို အားပေးထောက်ခံယုံနဲ့ တရားစွဲဆိုမယ်ဆိုတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ (ခ) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ ၊ ၅၄ တို့ဟာ ထောက်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ် တစ်သက်တကျွန်းအပြင် သေဒဏ်တွေပါ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့အထိ အချက်အလက်တွေအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၂၂၉၉ ဦးရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၂၄၄၄ ဦးထဲက ၁၄၇၇ ဦးဟာ ထောင်ဒဏ်ပြစ်အသီးသီး ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.