မိုးဗြဲ – စက်တင်ဘာ(၂၂)

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၁၀၀) လောက်ကို လူသားဒိုင်းကာအဖြစ်သုံးပြီး အထိုင်ချတပ်စွဲထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၈) ရက်နေ့ ညပိုင်းထဲက မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ ပစ်ခတ်ရှင်းလင်းပြီး အထိုင်ချဖို့ လုပ်ဆောင်လာတာပါ။

အဲ့ဒီလို လက်နက်ကြီးတွေနဲ့ပစ်ခတ်ရှင်းလင်းခဲ့တဲ့အတွက် ဒေသခံတွေဟာ စစ်ဘေးရှောင်ဖို့ ထွက်သွားကြသူတွေရှိသလို စစ်ဘေးမရှောင်နိုင်ဘဲ ဘုရားကျောင်းတွေမှာ ပုန်းခိုနေကြသူ တွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ပြင်ပေးမထွက်တော့ဘဲ လူသားဒိုင်းကာလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို သူတို့နဲ့အတူနေခိုင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့လုပ်ဆောင်နေတာဖြစ်လို့ ကာကွယ်ရေးတာဖွဲ့တွေအနေနဲ့ တိုက်ပွဲ ဖော်ဆောင်ဖို့ အခက်တွေ့နေရတဘ်လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြော ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က အတင်းအဓမ္မခေါ်ဆောင်ထားတဲ့ ပြည်သူတွေဟာ စက်တော်ရာဘုရားကျောင်းနဲ့ မြွေတော်ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေထိုင်နေတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မိုးဗြဲမြို့ထိုးစစ်ကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ KA ၊ KNDF ၊ DMO PDF၊ နေပြည်တော် PDF၊ URF၊ KGZ စတဲ့ အဖွဲ့ တွေက ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မိုးဗြဲမြို့ဟာ ပြည်နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေဆီကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ဖြန့်ဖြူချိန်မှာ အသုံးပြုဖို့အတွက် အရေးပါတဲ့ ဆက်သွယ်ရေးမြို့ဖြစ်လို့ အခုလို အထိုင်ချနိုင် ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.