ထားဝယ်၊ စက်တင်ဘာ (၂၂)

စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ၄ လကျော်ကြာ ပိတ်သိမ်းထားတဲ့ ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပြန်မဖွင့်နိုင်သေးတာကြောင့် ကုန်သည်အများစု လုပ်ငန်းရပ်နားလာရသလို ကုန်သွယ်မှုကလည်း လုံးဝရပ်တန့်သွားပြီလို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခု ဖြစ်တဲ့ ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ တဖက်သတ် ပိတ်သိမ်းထားတာ ဖြစ်ပါတယ်။

ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပိတ်သိမ်းထားတာကြောင့် ကနဦးမှာ ကုန်သည်အများစုဟာ မြဝတီနဲ့ မြိတ်လမ်းကြောင်းတွေကနေ ကုန်သွယ်ခဲ့ပေမယ့် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာ၊ မြန်မာငွေ တန်းဖိုကျဆင်းပြီး ဘတ်ငွေဈေးနှုန်း ဆက်လက် မြင့်တက်လာပြီးနောက် လုပ်ငန်းတွေ ရပ်နားလာကြတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ကုန်သွယ်နေတဲ့ နယ်စပ်ကုန်သည် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ကုန်သွယ်ရေးအခြေအနေကတော့ အခုနောက်ပိုင်း မတက်ကြတော့ဘူးပေါ့။ ရိုးရိုးလူတွေတောင်မှ သွားလာတာမရှိဘူး။ ၊တော်တော်များများကို မရှိတော့တာပါ။ ကုန်သွယ်အခြေအနေက ကျတယ်ဆိုတာထက် လုံးဝကို ရပ်နေတာပါ။ဒေသကထွက် ဆိုရင်လည်း ထွက်လို့မရဘူး။ ထီးခီးနဲ့အနီးတဝိုက်ကဒေသက ကုန်တွေဆိုလည်း ထွက်လို့မှမရတာ” လို့ ဆိုပါတယ်။

ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်းကနေ ဒေသထွက်ကုန်တွေဖြစ်တဲ့ ရေထွက်ကုန်တွေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်ပို့နေတာ ဖြစ်ပြီး ထိုင်းနိုင်ငံက စက်သုံးဆီ၊ မီဖိုချောင်သုံးဂတ်စ်၊ အသီးနှံတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေ အပါအဝင် အဟောင်းပစ္စည်းတွေကို ပြန်လည်တင်သွင်းနေတာပါ။

ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပိတ်သိမ်းထားတဲ့အတွက်ကြောင့် ဈေးကွက်အတွင်းမှာလည်း ထိုင်ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာသလို ဒေသခံထွက်ကုန်ပစ္စည်းတွေကိုလည်း ထိုင်းဘက်ကို တင်သွင်းလို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

လက်ရှိမှာတော့ ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း သွားတဲ့ လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။

ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပိတ်သိမ်းထားပေမယ့် စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနကတော့ ထီးခီးကုန်သွယ်ရေးစခန်းကနေ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကနေ စက်တင်ဘာ ၉ ရက်နေ့ထိ ပို့ကုန်ကဏ္ဍကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်၊ သွင်းကုန်ကဏ္ဍကနေ ကန်ဒေါ်လာ ၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့တယ်လို့ လိမ်လည် ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.