ပခုက္ကူ – စက်တင်ဘာ(၂၂)

မကွေးတိုင်း ပခုက္ကူမြို့က ဂဝံလေးတိုင်ရွာကို စစ်ကောင်စီတပ်သားတွေက ဒီနေ့ မနက်အစော ပိုင်းက စစ်ကြောင်းထိုးပြီး ပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးနေလို့ ဒေသခံ(၁) ထောင်ကျော် ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

စစ်ကောင်စီတပ်က ပေါက်နဲ့ဆိပ်ဖြူဘက်ကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီးကာကွယ်ရေးတပ် ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ယောချောင်းအတိုင်းရွာစဉ်လှည့်ပြီး စာသင်ကျောင်းပါမကျန် ဖျက်ဆီးလာတာဖြစ်တဲ့အတွက် ပြည်သူတွေထွက်ပြေးနေရတာပါ။

” ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့ က မိသားစုတခု အတွက် အိမ်တစ်လုံးဖြစ်မြောက်ဖို့ဆိုတာ ကျွန်​တော်တို့ ဘဝတွေ နဲ့ ချီ ပြီး တန်ဖိုးထားရမြတ်နိုးရတဲ့ အရာတွေပါ၊ အပြစ်မဲ့ ပြည်သူတွေ ရဲ့ အသက်အိုးအိမ်စီးစိမ် ကို ယခု လို ထိပါးဖျက်ဆီး ခံနေရတာ တွေ အတွက်ကျွန်​တော်အနေနဲ့ ပြည်သူတွေ ပို စည်းလုံးကြပါ။ ပိုပြီး အားစိုက် ပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။” လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ယောချောင်းတစ်လျှောက်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ် ကြောင့် ဒေသခံနေအိမ် (၅၀) ဝန်းကျင်ပျက်ဆီးခဲ့ပြီး ပြည်သူ (၅) ထောင်ကျော်ဟာ ထွက်ပြေး နေရတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၅) ရက်လောက်တည်းက ယောချောင်းအရှေ့ဘက်က ရွာတွေကို စစ်ကြောင်းစတင်ထိုးလာပြီးနောက် လူနေအိမ်တွေ၊အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက် အအုံတွေကို ဖျက်ဆီးတာ၊ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်တာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတာ၊ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ခံနေရတာ ဒုတိယနေရာမှာရှိနေပြီး စစ်ကိုင်းတိုင်း ကပြည်သူတွေကိုတော့စစ်တပ်က ပိုမိုဖိနှိပ်တာတွေလုပ်ဆောင်နေတာပါ။

မကွေးတိုင်းပခုက္ကူခရိုင်အတွင်းက ပေါက်၊ရေစကြို၊ပခုက္ကူနဲ့ မြိုင်စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီကြောင့် ဒေသခံ (၃) သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.