ပုသိမ်၊ စက်တင်ဘာ (၂၂)

ပုသိမ်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီကို အပြည့်အဝထောက်ခံတဲ့ ကမ္ဘောဇဘဏ်တွေကို စစ်ကောင်စီရဲ့ အဓိက ဒေါက်တိုင် အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမှာ ဖြစ်ကာ ဘဏ်လုံခြုံရေးတွေ ခုခံရင်လည်း ဒလန်အဖြစ်သတ်မှတ်ပြီး လုပ်စရာရှိတာ လုပ်မယ်လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကမ္ဘောဇဘဏ်ဟာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေပြီး စစ်ကောင်စီကို အပြည့် အဝထောက်ခံတဲ့ အတွက် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့က စက်တင်ဘာ ၂၁ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ထားတာပါ။

“ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အဓိကထား ပြောချင်တာကတော့ ဒီကနေ့က စပြီး ကမ္ဘောဇဘဏ်တွေကို စကစရဲ့ ဒေါက်တိုင် အဖြစ် သတ်မှတ်တယ်။ ပုသိမ်မြို့နယ်အတွင်းမှာ အဓိကထားပြီး လုပ်မယ့် ပစ်မှတ်တွေကိုလည်း ရွေးချယ်ပြီးပါပြီ။ အချိန်ကာ လကြာချင် လည်း ကြာမယ်။ မြန်ချင်လည်းမြန်မယ်။ လုံခြုံရေးတွေ အနေနဲ့ မစ်ရှင်လုပ်တဲ့အခါကိုယ်နဲ့မဆိုင်ရင် မဆိုင်သလို နေပေးပါ။ ဝင်ရှုပ်ရင်တော့ စာထုတ်ထားတဲ့အတိုင်းပဲ ဖြေရှင်းမှာဖြစ်တယ်။” လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ PSTF က တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ပုသိမ်မြို့နယ်အတွင်း သေနတ်သံ၊ ဗုံးသံများကြားရပါက ဝင်ရောက်စပ်စုခြင်းမပြုလုပ်ရန်နှင့် PDF တပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးပမ်းပါက ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ဆက်လက်ပြောကြားပါတယ်။

“နောက်တစ်ခုက ထပ်ပြောချင်တာက ပြည်သူတွေအနေနဲ့လည်း ပုသိမ်မြို့နယ်အတွင်းမှာ ဘာသံပဲ ကြားကြား စပ်စုတာတွေ မလုပ်ဖို့ရယ်၊ မစ်ရှင်လုပ်တဲ့ ရဲဘော်တွေကို ဝိုင်းဝန်းဖမ်းဆီးဖို့ လုပ်တဲ့လူတိုင်းကို အစ်ကိုတို့က ထိရောက်စွာဖြေရှင်းသွား မယ်ဆိုတာလေးကို ထပ်ပြီးတော့ ပြောချင်ပါတယ်။” လို့ဆိုပါတယ်။

ပုသိမ်မြို့ပေါ်မှာ KBZ ဘဏ် သုံးဘဏ်နှင့် Kpay စင်တာ တစ်ခုရှိပြီး အဲဒီဘဏ်တွေရဲ့ တည်နေရာတွေကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယမန်နေ့က ထုတ်ပြန်ချက်ထုတ်ထားပြီး ယနေ့ စက်တင်ဘာ (၂၂) ရက်နေ့မှာတော့ ပုသိမ်မြို့ပေါ်က ကမ္ဘေဇဘဏ်တိုင်းလိုလို မှာ ရုံးဖွင့်ချိန်မှ ရုံးဆင်းချိန်အထိ စစ်တပ်နှင့်ရဲများက လုံခြုံရေးအပြည့်အဝပေးထားကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.