ရန်ကုန်၊ စက်တင်ဘာ (၂၁)

အချက်အလက် မှန်ကန်ပြည့်စုံစွာ ဖြည့်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ်တွေကို အပြီးပိတ်သိမ်းပြီး ဆင်းကတ်ထဲမှာ ကျန်ရှိနေတဲ့ လက်ကျန်ငွေတွေလည်း ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန က ကြေညာလိုက်ပါတယ်။

အသုံးပြုနေဆဲ ဆင်းကတ်တွေကို မှတ်ပုံတင်စဉ်က ဖြည့်စွက်ထားတဲ့ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်နဲ့ တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ စစ်ကောင်စီဘက် အသိပေးထားတာပါ။

ဒီလိုတွေ စစ်ကောင်စီက လုပ်ဆောင်လာတဲ့အတွက် ဆင်းမ်ကတ်အသုံးပြုနေသူတွေအနေနဲ့ လုံခြုံရေးအရ စိုးရိမ်နေရသလို သံသယစိတ်တွေဖြစ်ပေါ်နေတယ်လို့ ဆင်းကတ်အသုံးပြုနေသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သေချာတာတော့ ဖုန်းသုံးရတာ လုံဝမလုံခြုံတော့ဘူး၊ သူတို့ကိုယ်ပိုင်အဖြစ် သိမ်းလိုက်ပြီးကတည်းက အကုန်လုံးက (ဖုန်းတွေ ကို) ဖြတ်နားထောင်ချင် နားထောင်မယ်။သူတို့ လိုချင်တဲ့ အချက်အလက်တွေကို ဘယ်သူ့ကို ဖုန်းခေါ်ထားလဲ၊ စာပို့တဲ့ဟာ တွေရော လုံဝလုံခြုံမှုမရှိဘူးဆိုတာ သေချာတယ်။သူတို့ ကလည်း (စစ်ကောင်စီ) ယုံကြည်ရတဲ့သူ မဟုတ်တဲ့ အခါကျတော့ ဒီဟာကြီးကို သုံးပြီးတော့များ ဘာအတွက် သူတို့ သုံးကြမလဲ၊ အဲဒီလိုမျိုး စိတ်က သံသယဖြစ်နေရတယ်” လို့ သူက ဆိုပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ကနေ Wave Money ၊ KBZ Pay စတဲ့ မိုင်ဘိုင်းငွေပေးချေမှု အကောင့်တွေမှာ Level 2 အဆင့်မြှင့်တင်ထားတာ မရှိဘဲ ကိုယ်ရေးအချက်အလက် မပြည့်စုံတဲ့ အကောင့်တွေကို အပြီးပိတ် သိမ်း မယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးဘိုင်းဆင်းမ်ကတ်သုံးစွဲသူတွေအနေနဲ့ ဖုန်းခေါ်တာ၊ မက်ဆေ့ပို့တာ၊အီးမေးလ်ပို့တာအပြင် မိုးဘိုင်းငွေပေး ချေမှုတွေမှာလည်း ကိုယ်ရေးအချက်အလက်လုံခြုံမှု မရှိတော့တာကို ပိုမိုခံစားလာရတယ်လို့ ဆိုကြပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကတော့ သူတို့ရဲ့ စိစစ်ချက်တွေအရ ဆင်းမ် ကတ် အသုံးပြုသူတစ်ချို့ဟာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်စတဲ့ အချက်အ လက်တွေကို မှန်ကန်စွာ ဖြည့်စွက်တာ မရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

သုံးစွဲသူတွေအနေနဲ့ ဆင်းမ်ကတ်ဝယ်ယူအသုံးပြုတဲ့အခါ မိမိတို့ရဲ့ မှတ်ပုံတင်မူရင်း၊အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြီး စနစ်တကျ မှတ်ပုံတင်ပြီးမှသာ အသုံးပြုကြဖို့ ကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတာနဲ့ ဆက်သွယ်ရေးအော်ပရေတာနှစ်ခုဖြစ်တဲ့ အစိုးရပိုင် MPT နဲ့ စစ်တပ်ပိုင် My Tel တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင် နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးတို့ကလည်း စစ်တပ်နဲ့ စီးပွားရေးဆက်နွှယ်တဲ့ အသိုင်းအဝိုင်းတွေကိုပဲ ရောင်းချသွားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.