ရေး ၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ Non CDM ဝန်ထမ်းတွေ နာရီအနည်းငယ်အတွင်း အမြန်ဆုံး နှုတ်ထွက်ဖို့ ရေးဘီးလူးအဖွဲ့က ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ သူတို့အဖွဲ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာကနေ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ ဩဂုတ် ၂ ရက်နေ့ နောက်ဆုံးထား နှုတ်ထွက်ပေးကြဖို့ သတိပေးစာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဝန်ထမ်းတွေ နှုတ်ထွက်တာမရှိတဲ့အတွက် သြဂုတ် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်က မြို့နယ်လဝကရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် ၃ ဦး သေဆုံးသွားခဲ့ရပါတယ်။

ဒါ့အပြင် ရေးခရိုင်တရားရုံးကိုလည်း ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ ရေးဘီးလူးအဖွဲ့က လက်နက်ကြီး ၄၀ မမ နဲ့ လာရောက် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ရေးမြို့နယ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာတွေကို မကြာခဏ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် လုံခြုံရေး အထူးတင်းကြပ်ထားရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.