ရန်ကုန်၊ စက်တင်ဘာ (၂၁)

အာဏာသိမ်း စစ်ကောင်စီဟာ ဒေါ်လာငွေ ရှားပါးလာမှုနဲ့အတူ စက်သုံးဆီ မကြာခဏ ပြတ်လပ်နေတဲ့အတွက် ရုရှားနိုင်ငံကနေ စက်သုံးဆီ ဝယ်ယူသွားဖို့ လုပ်ဆောင်ထားပေမယ့် ဈေးကွက်အတွင်း ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်တာပါ။

အာဏာသိမ်း စစ်ကောင်စီဟာ စက်သုံးဆီ ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ကနဦးအနေနဲ့ ရုရှားနိုင်ငံကနေ စက်သုံးဆီ တန်ချိန် ၃၀၀၀၀ ဝယ်ယူသွားဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် အဲဒီစက်သုံးဆီတွေဟာ ဘယ်အချိန်မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာလဲဆိုတဲ့ မေးခွန်းကိုတော့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

စီးပွားရေးလေ့လာသုံးသူတွေကတော့ ရုရှားက စက်သုံးဆီ ဝယ်ယူမယ့် အစီအစဉ်ဟာ ရေလမ်းခရီးမိုင်ရှည်တာအပြင် အထွေထွေကုန်စရိတ် ကြီးမြင့်မှု ပြဿနာကြောင့် လိုသလောက် ဝယ်ယူဖို့ မဖြစ်နိုင်သလို ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ကြတာပါ။

“ရုရှားက အခုက သူက ရောင်းဖို့ အတွက် သူ့ကုန်စည်းကို ဝယ်မယ့်သူကို သူကလည်း ရှာနေရတာ၊ ရုရှားက ကြတော့ လမ်းကြောင်းက အရှည်ကြီး၊ တော်တော်ကို သက်သာမှ သွင်းဖို့ စဉ်စား မယ်လို့ ထင်တာပဲ၊ ရေရှည်ကိုတော့ တချက်ပြန် ကြည့်ရမှာပေါ့၊ ဘာလို့ဆို ရုရှားကလည်း သူက လောလောဆယ် ဥရောပကို ရောင်းမရ လို့သာ အာရှဘက်ကို အောက်ဈေးနဲ့ လှည့်ရောင်းနေတာကို၊ တကယ်လို့ ဥရောပ ဈေးကွက် ပြန်ပွင့် သွားမယ် ဆိုရင်တော့ ကိုတွေလည်း အောက်ဈေးနဲ့ ရဖို့ မလွယ်တော့ဘူး၊ အဲ့ဒီ အချိန်မှာ ဆိုရင်တော့ စင်ကာပူက သွင်းတာထက် ပိုပြီးတော့တောင် ဈေးကြီးကောင်း ကြီးသွားနိုင်တယ်၊ ဆိုတော့ ရေရှည်မှာတော့ ဒီလို သင်္ဘောကြီးနဲ့ အဲ့လို သွင်းရတဲ့ဟာက အဆင်မပြေဘူး၊ ဒါပေမယ့် တဖက်က နိုင်ငံရေး ဘက်က တဖက်လှည့် ကြည့်ရင် ဆိုရင်တော့ တကယ်လို့ တခြားကနေ့ Sourceတွေ ပိတ်လိုက်တယ် ဆိုရင် ကြိုပြီးတော့ ကာတဲ့ သဘောလည်း ဖြစ်နိုင်တာပေါ့၊ ဈေးခြင်းက သိပ်မထူးတောင်မှ ရုရှားကတော့ သေချာတယ်လေး ကိုတွေကို မြန်မာပြည်ကို ဘယ်လိုပဲ ဖြစ်ဖြစ် ရောင်းပေးမှာဘဲ”လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ စက်သုံးဆီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင် ဒေါ်လာဈေးနှုန်း ကျဆင်းလာအောင် ဆောင်ရွက်ဖို့ လိုအပ်နေပြီး အဲဒီမှ မဟုတ်ရင် စက်သုံးဆီဈေးနှုန်း ထင်သလောက် ကျဆင်းလာဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရုရှားက ရောက်ရှိလာတဲ့ စက်သုံးဆီတွေကို ဝန်ထမ်းယန္တရား လည်ပတ်ရေး၊ ယာဉ်လိုင်းတွေ အပါအဝင် မီးရထားကဏ္ဍတွေမှာ အဓိက အသုံးပြုသွားမယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောဆိုလာတာပါ။

စစ်ကောင်စီကတော့ ရုရှား စက်သုံးဆီတင်သင်္ဘောတွေ ဒီလအတွင်း ရောက်ရှိမယ်လို့ ပြောဆိုနေပေမယ့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမှာ ဒီဇယ် တစ်လီတာကို ကျပ်(၂၇၀၀)ကျော်၊ ဓာတ်ဆီ(၉၅) တစ်လီတာကို ကျပ်(၂၃၀၀)ကျော်နဲ့ ဈေးနှုန်း အမြင့်ပိုင်းမှာပဲ ဆက်ရှိ နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရုရှားနိုင်ငံကနေ စက်သုံးဆီဝယ်ယူဖို့အတွက် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီ ဥက္ကဋ္ဌ အဖြစ် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ခန့်အပ် တာဝန်ပေးအပ်ထားပါတယ်။

စစ်ကောင်စီဟာ စက်သုံးဆီ ပြဿနာ ဖြေရှင်းဖို့ ရုရှားကနေ ဝယ်ယူဖို့ ကြိုးပမ်းနေပေမယ့် စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီက ရောင်းချပေးတဲ့ စက်သုံးဆီတွေ ခွဲတမ်းနဲ့ ဝယ်ယူရတာ၊ လိုသလောက် ဝယ်ယူလို့ မရတဲ့အတွက် မကြာခဏ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာပါ။

စက်သုံးဆီဟာ ဈေးနှုန်းဟာ NLD အစိုးရ လက်ထက်တုန်းက ဓာတ်ဆီ တစ်လီတာကို ကျပ်(၆၀၀) ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်း (၄)ဆ နီးပါးထိ စံချိန်တင် မြင့်တက်ခဲ့သလို ဈေးနှုန်း မတည်ငြိမ်မှုနဲ့ ပြတ်လပ်မှုတွေကလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.