မြဝတီ၊ စက်တင်ဘာ ၂၁
ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ-ဝေါ်လေလမ်းပိုင်း၊ တောင်နီကျေးရွာ အနီးမှာ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး စနိုက်ဘာ ထိမှန်သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဟာ ကော်ဘရာ စစ်ကြောင်း လုံခြုံရေး ယူထားတဲ့ တောင်ကုန်းတစ်ခုကို စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတွေက ဝင်ရောက်ကျူးကျော် အခြေပြုဖို့ ကြိုးစားရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း လက်ဖြောင့်စနိုက်ဘာ စစ်သည်တွေရဲ့ စွမ်းဆောင်ချက်ကြောင့် စစ်ကောင်စီဘက်က (၅) ဦး သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ လက်ရှိမှာတော့ မြဝတီ- ဝေါ်လေလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် တပ်ရင်း ၁၈ ခုထိ အသုံးပြုထားပေမယ့် ဒီကနေ့အချိန်ထိ ထိန်းချုပ်နိုင်တာ မရှိဘဲ အကျအဆုံး များနေတာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်