ဘီးလင်း၊ စက်တင်ဘာ (၂၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က NLD ပါတီ ထောက်ခံသူအပါအဝင် ဒေသခံ နေအိမ် ၃ လုံးကို လာရောက် ချိတ်ပိတ်သွားမယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ဘီးလင်းမြို့ ကန်သာယာရပ်ကွက်က ဒေသခံ ဦးမုတ်ဆိတ် နေအိမ်၊ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက် နေအိမ်တို့ကို လာရောက် ချိတ်ပိတ်သွားတာပါ။

ဒါ့အပြင် စက်တင်ဘာ ၂၀ ရက်နေ့မှာလည်း ဘီးလင်းမြို့နယ်၊ အလူးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဒေါ်အေးသီတာမြင့် နေအိမ်ကို ထပ်မံချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

နေအိမ် ချိတ်ပိတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်ဟာ NLD အစိုးရလက်ထက်တုန်းက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် မိသားစုအလိုက် တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ သူတို့ ချိတ်ပိတ်လိုက်တဲ့ နေအိမ်ပိုင်ရှင်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်နေတဲ့အတွက် နေအိမ်တွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်လို့ ချိတ်ပိတ်ရတာလို့ ဆိုထားပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဘီလင်းမြို့နယ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ နေအိမ် အပါအဝင် ဒေသခံ နေအိမ် ၁၀ လုံးထက်မနည်းကို ချိတ်ပိတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.