ဂန့်ဂေါ – စက်တင်ဘာ(၂၁)

မကွေးတိုင်းဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသား(၃)ဦး နဲ့ အမျိုးသမီး(၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၀) ရက်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်အတွင်း ကနေ လက်နက်ကြီး(၉) ချက်ထက်မနည်းရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စိုင်းဒူးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့တာပါ။

“ခလ​ရ ၅၀ ထဲကနေ လက်နက်ကြီးနဲ့ရမ်းပြီးပစ်တာ။ ခြောက်ယောက်ဒဏ်ရာရသွားတယ်။ နှစ်ယောက်ကတော့ စိုးရိမ်ရတယ်။ကိုယ့်ဖက်ကသွားထုတာရှိတယ်‌ပြောတယ် ဒါကိုမ ဆိုင်တဲ့ ဖက်ကိုပစ်လို့ရွာပေါ်တွေကျတာ”လို့ ဒေသခံတစ်ဦးကသံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းထဲက ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်တွေထဲကို စစ်ကြောင်း ထိုးနေကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ထီးလင်းမြို့နယ်အညာတောကျေးရွာက ပြည်သူတွေ ရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီတပ်က လူနေအိမ်(၄)ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူ (၃) သောင်းနီးပါးထိရှိနေတယ်လို့ သိရပါတယ်။

လက်တလောမှာတော့စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပေးနေရပြီး အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.