နေပြည်တော် – စက်တင်ဘာ(၂၀)

လူမှုကွန်ရက် Facebook မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ခံနေသူတွေကို ထောင်ဒဏ်(၁၀) နှစ်ထိအမြင့်ဆုံးချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ(၂၀) ရက်နေ့ နေ့လည်ပိုင်းမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ အကြိမ်(၂၀) မြောက် သတင်းစာရှင်းလင်းပွဲမှာ သူကအခုလိုပြောဆိုခဲ့တာပါ။

” Facebook မှာ NUG၊ CRPH၊ PDF တွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ၊ သူတို့ကို အားပေး ထောက်ခံ သူတွေရဲ့ စာတွေ၊ပုံတွေ၊ဗီဒီယိုတွေကို Like တစ်ခုပေးလိုက်တာပဲဖြစ်ဖြစ် Share လိုက်တာဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ ၁၂၄(ခ) နဲ့ ငြိစွန်းပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ဝန်ထမ်းတွေကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ဖို့ လှုံဆော်တာနဲ့ PDF တွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ရင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ အရေး ယူမှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ ပတ်သက်တဲ့ အကောင့်တွေကို ဖြုတ် ချတာ၊ကန့်သတ်ခံရတာတွေရှိနေပြီး ဝါဒဖြန့်မှုတွေမှာ စစ်ကောင်စီအရေးနိမ့်နေတာဖြစ်ပါ တယ်။

စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က မီဒီယာပလက်ဖောင်းတွေ ကိုအသုံးပြုပြီး လှုပ်ရှားမှုတွေအားကောင်းနေတဲ့အတွက် စစ်ကောင်စီက မနာလိုဖြစ်နေပြီး သူတို့ ရဲ့ကိုယ်ပိုင်ပလက်ဖောင်းနဲ့ ဝါဒဖြန့်ဖို့ ကြိုးပမ်းနေကြပါတယ်။

ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(ခ) ဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နေတဲ့ တပ်မတော် ဒါမှမဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေရဲ့ အောင်မြင်မှု ဒါမှမဟုတ် စွမ်းဆောင်မှုကို ဖျက်ဆီးတာ တွေအတွက် စစ်ကောင်စီအာဏာလုပြီး နောက် ပြင်ဆင်ထားတဲ့ ဥပဒေဖြစ်ပြီး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၃) နှစ်ကနေ အမြင့်ဆုံ (၁၀) နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.