မော်လမြိုင်၊ စက်တင်ဘာ (၂၀)

ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေအတွက် စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင် အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ပြီး တရားစွဲဆိုထားတာပါ။

ဒီအမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီးနောက် စွပ်စွဲချက် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ ဒီအမှုအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပေမယ့် စစ်ကောင်စီ တရားရုံးက စွဲချက်တင် အမိန့်ချခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေဟာ တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတာကြောင့် ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ပြန်လည် ပြင်ဆင်ချက် လျှောက်ထားပြီး ထပ်မံတရားစွဲဆိုထားတဲ့ အမှုတွေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ တရားစွဲထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲမလျော်သြဇာသုံးမှုတွေကို မော်လမြိုင်ခရိုင်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဖြစ်တဲ့ ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.