ဒီပဲယင်း – စက်တင်ဘာ(၁၉)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ် ကလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အသက်ရှင်ကျန်ခဲ့တဲ့ ဆရာနဲ့ ကလေးငယ်တွေ ကိုဖမ်းဆီးသွားတဲ့အတွက် သူတို့တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိပဲ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရရှိထားတဲ့ ဆရာမ(၂)ဦးနဲ့ ကလေးငယ်အယောက်(၂၀) ကို ဖမ်းဆီးသွားတာဒီနေ့အထိပြန်လွှတ်ပေးတာမရှိသေးပါဘူး။

“စစ်ရှောင်တွေကတော့ သူတို့(စစ်သား)တွေ ထွက်သွားတော့ ရွာတွေထဲ ပြန်ကပ်နေပြီပေါ့ဗျာ။ ဒေသခံတွေက ရွာကို ရှင်းလင်းရင်းနဲ့ dead body တွေကို ရေမြောင်းတွေထဲမှာ တွေ့တာမျိုး ပြန်ဆယ်ယူရတာလည်းရှိတာပေါ့။ အထူးသဖြင့် အဲ့ဒီနေ့က ဖမ်းသွားတဲ့ ရွာခံတွေက ကလေး တွေရဲ့ဖြစ်ရပ်ဆိုးကြီးကြောင့် အထိတ်တလန့်နဲ့ နနေရဆဲပဲဖြစ်တယ်ဗျ” လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က တာဝန်ခံကိုဖြိုးကြီးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေဟာ ကျေးရွာထဲကို စစ်တပ်က ထပ်လာနေဦးမယ်ဆိုတဲ့ စိုးရိမ်စိတ်၊ ဖမ်း ခေါ်သွားသူတွေသေတယ်ဆိုတာကြားတိုင်း ကလေးတွေရဲ့ မိသားစုဝင်တွေဟာ သူတို့ကလေး ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ထိတ်လန့်စိတ်တွေဖြစ်နေတယ်လို့ သူက ပြောပါ သေးတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ဘုန်းကြီးကျောင်းအတွင်းရှိနေတဲ့ KIA၊PDF တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ဗြောင်လိမ်ထားပြီး KIA၊PDF အဖွဲ့တွေဟာ ပြည်သူတွေကို လူသားတံတိုင်းအဖြစ်အသုံးပြုထားလို့ ထိခိုက်ခဲ့ရတာဖြစ်တယ်လို့ လိမ်လည် ထားပါတယ်။

ဒါ့အပြင် စစ်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့ ကျည်တွေနဲ့ ကျည်ခွံတွေကို သိမ်းဆည်းရမိထားပြီး ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောဆိုထားကာ သူတို့တပ်ဖွဲ့တွေ ဖမ်းဆီးသွား တဲ့ကလေးငယ်တွေနဲ့ ဆရာ၊ဆရာမတွေရဲ့ အကြောင်းကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

“နာရေးမှာ အရပ်သားပြည်သူ၇ဦးက dead body ရလို့ အဆင်ပြေပေမယ့်။ ကလေး သူငယ်တွေ မှာ dead body မရဘူးဗျ။ဝေဟင်ကနေ ပစ်ခတ်လို့ အသားစ တွေလွင့်ထွက်သွား တာမျိုး။ နောက်ဆုံးဆိုးဆိုးရွားရွားနဲ့ ဘန်ကာမှာ အသားစတွေတွေ့နေလို့ ဒီအသားစတွေ ပြန်ကောက်ပြီး တော့သဂြိုလ်လိုက်ရတာမျိုး၊ ကလေးတွေရဲ့အင်ကျီအဝတ်အစားလေးတွေ ကျောင်းလွယ် အိတ်လေးတွေ စာအုပ်လေးတွေကြည့်ပြီးတေ့မှ ဒီကလေးတွေဖြစ်တယ်လို့ အတည်ပြုပြီးတော့မှ ကျန်ခဲ့တဲ့ အသားစတွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သဂြိုလ််ရတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသေးစိတ် မှတ်တမ်းတင်ထားတယ်လို့ NUG က သတင်းထုတ်ပြန်ထားသလို ဖမ်းဆီးသွားသူတွေကို အမြန် ဆုံးလွှတ်ပေးဖို့ လည်း စစ်ကောင်စီကို သတိပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ယက်ကုန်း ကျေးရွာမှာ စာသင်နေတဲ့ ကလေးငယ်(၆)ဦးအပါအဝင် (၁၃) ဦးသေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်မ်း

ဓာတ်ပုံ – CJ (စစ်ကောင်စီရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့မှု လုပ်ခဲ့တဲ့ စာသင်ကျောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.