ထားဝယ်၊ စက်တင်ဘာ ၁၉

ပြည်သူလူထုအပေါ် အကြမ်းဖက် နှိမ်နင်းဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်တွေကို ရွှေဝါရောင်တော်လှန်ရေးစိတ်ဓာတ်နဲ့ ရဟန်းသံဃာတော်တွေက ဝိနည်းသိက္ခာပုဒ်နဲ့အညီ ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ ပြည်သူလူထု ထိခိုက်နစ်နာမှုရှိတိုင်း ရဟန်းသံဃာတွေအနေနဲ့ ပြည်သူဘက်က ရပ်တည်ပြီး နိုင်ငံရေးမှာ ဦးဆောင်ဦးရွက်ပြု လှုပ်ရှားမှုတွေရှိခဲ့ပေမယ့် အခုအခါမှာတော့ ပါဝင်လှုပ်ရှားမှုနည်းလာသလို ဆရာတော်သံဃာတော်ကြီး‌တချို့ကလည်း စစ်ကောင်စီနဲ့ပူးပေါင်းနေတာမျိုးတွေရှိနေတာကြောင့် ရဟန်းသံဃာတွေအနေနဲ့ စစ်ကောင်စီမျက်နှာကို မထောက်ဘဲ ပြည်သူ့အရေးကိုသာ ဦးစာပေး ကူညီကြဖို့ မေတ္တာရပ်ခံပန်ကြားလိုက်တာပါ။

“ရဟန်းသံဃာတွေဆိုတာက ခေတ်အဆက်ဆက်ပြည်သူသူဘက်က ရပ်တည်ခဲ့ကြတယ်။ ရွှေဝါရောင်တော်လှန်ရေးတုန်းကဆိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါခဲ့ကြတယ်။ နယ်တွေဘက်မှာဆို ရဟန်းသံဃာတွေက ဒေသခံတွေအပေါ်မှာ သြဇာအာဏာကြီးမားတဲ့သူတွေဖြစ်တယ်။ သံဃာတော်ဆရာတော်တွေက စကစ ကို လက်မခံဘဲ လူထူလှုပ်ရှားမှုတွေ လုပ်လာရင် ပြည်သူတွေကလည်း အခုအခြေအနေထက် အများကြီး ပိုမိုဆောင်ရွက်ပူးပေါင်းလာကြမှာဖြစ်တယ်”လို့ ထားဝယ်ခရိုင် ဒီမိုကစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ဆရာတော်သံဃာတွေတွေအနေနဲ့လည်း ပြည်သူ့မျက်နှာကြည့်ပြီး ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို သနားညှာတာသောအားဖြင့် စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေ မပြုကြဖို့ မေတ္တာရပ်ခံတယ်လို့ သူက ဆိုပါတယ်။

စစ်တပ် အာဏာစသိမ်းချိန်ကာလက တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူ့သပိတ်လှုပ်ရှားမှုတွေမှာ ဆရာတော်သံဃာတော်တချို့ ဦးဆောင်ပါဝင်လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ သပိတ်လှုပ်ရှားမှုတွေမှာ ဆရာတော်သံဃာတွေအပြင် ပြည်သူတွေကပါ ပူးပေါင်းပါဝင်မှု အားနည်းလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီတော်လှန်ရေးအတွက် ၈၈၈၈ အရေးတော်ပုံသပိတ်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆရာတော်သံဃာတော်တွေက ဦးဆောင်ပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.